ရန်ကုန်၊ ဇူလိုင် ၈
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) နှင့် မဟာမိတ်တပ်ဖွဲ့များထံမှ သိရသည်။
CSRAF တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇူလိုင် ၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မုံရွာမြို့ အလုံ-မင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်သို့ ရောက်ရှိလာချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေယာဉ်အုပ်စုတွင် ဒရုန်းပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ရိက္ခာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား တင်ဆောင်လာသည့် တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စီးနှင့် ဖလက်သံခွန်သင်္ဘော ၂၄ စီး စုစုပေါင်း ရေယာဉ် ၂၈ စီး ပါဝင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက ပြောင်းတိုက်လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် စနိုက်ပါသမားများ အသုံးပြု၍ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို သီးခြားအတည်မပြုနိုင်သေးကြောင်း သိရသည်။
“ကျနော်တို့ လက်နက်အင်အားက မပြည့်စုံသေးလို့ ထိရောက်မှုကတော့ အားမရသေးဘူး။ ဒါပေမယ့် ရှိတဲ့လက်နက်၊ ရှိတဲ့အင်အားနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ် သင်္ဘောတွေက မင်းကင်းဘက် ပျူရွာအနီးမှာ စခန်းချအနားယူသွားတယ်။ မကြာခင် မြစ်ရေတက်လာရင် စစ်သင်္ဘောတွေ အသွားအလာ ပိုများလာနိုင်တဲ့အတွက် ခဲယမ်းနဲ့ လက်နက်အင်အားသာ ပိုမိုရရှိမယ်ဆိုရင် ဒီထက်ထိရောက်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု CSRAF မှ တာဝန်ရှိသူက ပြောသည်။
ယင်းတိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (CSRAF) ဦးဆောင်ကာ ကနီမြို့နယ် တိုက်နယ် ၆ အတွင်းရှိ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း အဆိုပါ စစ်သင်္ဘောအုပ်စုအတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော ၁ စီးနှင့် လက်နက်ခဲယမ်းတင်ဆောင်လာသည့် ဖလက်ခွန်တွဲတွန်းသင်္ဘော ၁ စီးကို တော်လှန် ရေးတပ်ဖွဲ့များက ရှေ့ထွက်ပြောင်းတိုက် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို Chindwin Fighter Group (CFG)၊ Brave Heart Army (BHA) နှင့် Monywa Dynamite Special Task Force (STF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Chindwin Fighter Group (CFG) က ထုတ်ပြန်ထားသည်။






