ရန်ကုန်၊ ဇူလိုင် ၈
မလေးရှားနိုင်ငံ၊ ပါဟန်း (Pahang) ပြည်နယ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၅ ဦးကို တင်ဆောင်လာသည့် BMW ကားတစ်စီးက ရဲစစ်ဆေးရေးဂိတ်ကို တွေ့ရှိပြီးနောက် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသမီး ၂ ဦးနှင့် မလေးရှားနိုင်ငံသား ယာဉ်မောင်း ၁ ဦးကို ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင် ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်အချိန် မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် Padang Tengku နယ်မြေရှိ Lipis–Merapoh လမ်းပိုင်းတွင် အဆိုပါ BMW ကားသည် Kelantan ပြည်နယ်ဘက်မှ ကွာလာလမ်ပူမြို့သို့ မောင်းနှင်လာစဉ် ရှေ့တွင် ရဲစစ်ဆေးရေးဂိတ်ရှိသည်ကို တွေ့ရှိသဖြင့် Lipis မြို့ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါကားသည် ရဲဂိတ်မှ ၅ ကီလိုမီတာခန့်အကွာသို့ ရောက်ရှိချိန်တွင် ထိန်းချုပ်မှုလွတ်သွားပြီး စားသောက်ဆိုင်တစ်ဆိုင်အနီးရှိ ရေတိုင်ကီကို ဝင်တိုက်မိခဲ့ကြောင်း၊ ကားပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုအတွင်း အသက် ၄၅ နှစ်အရွယ် မလေးရှားနိုင်ငံသား ယာဉ်မောင်းနှင့် မြန်မာအမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ ကျန်မြန်မာနိုင်ငံသား ၃ ဦးဖြစ်သည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးလွတ်မြောက်သွားသဖြင့် လက်ရှိအချိန်အထိ လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီး ၂ ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ မြန်မာ ၃ ဦးကို တရား ဝင် ခရီးသွားလာခွင့် ပါမစ်မရှိဘဲ မလေးရှားနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း၊ ထို့အပြင် မလေးရှားနိုင်ငံသား ယာဉ်မောင်းကိုလည်း မဆင်မခြင် မောင်းနှင်မှု၊ ရဲတပ်ဖွဲ့၏ တာဝန်ထမ်းဆောင်မှုကို အနှောင့်အယှက်ပြုမှုနှင့် တရားမဝင် နိုင်ငံခြားသားများကို သယ်ယူပို့ဆောင်ပေးမှုတို့ဖြင့် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း ဆလန်ဂေါ (Selangor) ပြည်နယ် ပူချောင်း (Puchong) နယ်မြေအတွင်းရှိ လုပ်ငန်း ခွင်များနှင့် ဆိုင်ခန်းများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ဒေသအာဏာပိုင်များ ပူးပေါင်း၍ ဇူလိုင် ၇ ရက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်ထားသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆလန်ဂေါပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးကို Kampung Sri Langkas Tambahan နှင့် Jalan Jurutera ပတ်ဝန်းကျင်ရှိ လုပ်ငန်းခွင်များတွင် Subang Jaya မြို့တော်ကောင်စီ (MBSJ) နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၃ ဦး ပါဝင်ကြောင်း သိရသည်။
စစ်ဆေးမှုများအရ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် နိုင်ငံကူးလက်မှတ်၊ ဗီဇာ သို့မဟုတ် အလုပ်ပါမစ်မရှိဘဲ မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်ခြင်း၊ ဗီဇာနှင့် ပါမစ်သက်တမ်းကုန်လွန်နေခြင်း၊ အလုပ်ပါမစ်ကို သတ်မှတ်ထားသည့် ရည်ရွယ်ချက်နှင့် မကိုက်ညီဘဲ အသုံးပြုခြင်း စသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။






