ရန်ကုန်၊ ဇူလိုင် ၈
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သော NUGPay သည် စတင်လည်ပတ်ခဲ့သည့် ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် အသုံးပြုသူ ၄ သောင်းကျော်ရှိကာ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ဖြင့် ဆောင်ရွက်ခဲ့သည့် ငွေပေးငွေယူစုစုပေါင်းတန်ဖိုးမှာ ကျပ် ၃.၉ ထရီလီယံ (၃,၉၀၀ ဘီလျံ) အထိရှိလာကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ငွေကြေးစနစ်များအပေါ် မှီခိုနေရမှုကို လျှော့ချရန်၊ ပြည်သူများ ရင်ဆိုင်နေရသည့် ငွေကြေးလုံခြုံရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်နှင့် လွတ်လပ်၍ လုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တစ်ခု တည်ဆောက်ရန် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်တွင် NUG ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် Digital Myanmar Kyat (DMMK) ကို နိုင်ငံ၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ဖြန့်ဝေခဲ့ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် NUGPay ကို စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ လည်ပတ်မှု လေးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် NUGPay အသုံးပြုသူ စုစုပေါင်း ၄ သောင်းကျော်ရှိနေပြီး ဈေးကွက်အတွင်း လည်ပတ်နေသည့် DMMK ပမာဏမှာ ကျပ် ၈၈ ဒသမ ၂ ဘီလျံရှိကြောင်း၊ DMMK ဖြင့် ဆောင်ရွက်ခဲ့သည့် ငွေပေးငွေယူ (Transaction) စုစုပေါင်းတန်ဖိုးမှာ ကျပ် ၃.၉ ထရီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိန်းဂဏန်းများသည် DMMK ၏ ငွေကြေးလည်ပတ်မှု ပိုမိုအားကောင်းလာခြင်းနှင့်အတူ NUGPay အသုံးပြုသူဦးရေ ဆက်လက်တိုးတက်လာနေမှုကို ထင်ဟပ်ပြသနေကြောင်း NUG က ဆိုသည်။
ထို့ပြင် DMMK နှင့် NUGPay သည် ပြည်သူ့တော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာသည့် ငွေကြေး ဝန်ဆောင်မှုစနစ်များဖြစ်သော်လည်း ပြည်သူလူထု၏ ဝန်းရံထောက်ခံမှုမရှိပါက ယင်းအောင်မြင်မှုများကို ရရှိနိုင်မည်မဟုတ်ကြောင်း NUG က ပြောသည်
ထို့အပြင် ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်၍ NUGPay တွင် USDT ဝန်ဆောင်မှု (Feature) ကို ထည့်သွင်းမိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအနေဖြင့် Wallet အတွင်း၌ပင် မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာတို့ကို အပြန်အလှန်လဲလှယ်အသုံးပြုနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ အဆိုပါဝန်ဆောင်မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၈ သန်းခန့် ငွေပေးငွေယူပြုလုပ်ထားကြောင်း သိရှိရသည်။
သို့သော် USDT ဝန်ဆောင်မှု၏ တိုးတက်မှုနှုန်းမှာ DMMK နှင့် နှိုင်းယှဉ်ပါက ပိုမိုတိုးတက်ရန် လိုအပ်နေသေးပြီး ဈေးကွက်လိုအပ်ချက်များနှင့်အညီ ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက အသိပေးတိုက်တွန်းထားသည်။
NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ဘဏ္ဍာရေးစစ်မျက်နှာတွင် အကြမ်းဖက်စစ်အုပ်စု၏ ငွေကြေးကွန်ရက်နှင့် ငွေလွှဲပြောင်းမှုစနစ်ကို အစားထိုးနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် NUGPay သည် ယခုအခါ ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ လေးနှစ်တာကာလအတွင်း စိန်ခေါ်မှုများစွာကို ကျော်ဖြတ်နိုင်ခဲ့သည့် NUGPay အဖွဲ့၊ ကိုယ်စားလှယ်အေးဂျင့်များနှင့် ပြည်တွင်း၊ ပြည်ပမှ တော်လှန်ရေးအင်အားစုများကို အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ရှေ့ဆက်ရမည့်ခရီးတွင် ပိုမိုခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သော်လည်း ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားသည်။




