ရန်ကုန်၊ ဇူလိုင် ၁၁
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများ ခိုးယူနေသဖြင့် သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ညောင်ချောင်းရွာနှင့် ပွင့်လင်းရွာဘက်မှ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ပွင့်လင်း၊ သုံးဆင့်၊ ဆူရစ်ကန်နှင့် ကြိတ်ဆုကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဆူးတော၊ ညောင်ဇင်၊ လေးပင်ကုန်းနှင့် ညောင်ချောင်းကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် လက်ရှိအချိန်အထိ မီးလောင်ပျက်စီးခဲ့သော ကျေးရွာ ၈ ရွာအထိ ရှိလာကြောင်း သိရသည်။
စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုကြောင့် ပွင့်လင်း၊ သုံးဆင့်၊ ဝန်ပို၊ ဆူရစ်ကန်၊ ကြိတ်ဆုနှင့် မြေပဒုံကျေးရွာများမှ ဒေသခံပြည်သူ ၂ သောင်းဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“အခုဆို ကျေးရွာ ၈ ရွာ မီးရှို့ခံလိုက်ရပြီ။ သုံးဆင့်ရွာ၊ ဆူရစ်ကန်ရွာ၊ ကြိတ်ဆုရွာနဲ့ ပွင့်လင်းရွာတွေကို ဝင်ပြီး မီးရှို့တာ။ လေကလည်း တအားတိုက်နေတော့ တစ်ရွာလုံး ကုန်လောက်တယ်။ သုံးဆင့်ရွာကလည်း အိမ်ခြေ ၂၀ လောက် ပါသွားတယ်။ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ အရင်ကလည်း ရှိခဲ့တော့ အခုလည်း ပျောက်ဆုံးနေပြီး အဆက်အသွယ်မရတဲ့ ဒေသခံတွေ ရှိနေတယ်။ ဇူလိုင်လ ၈ ရက်နေ့က အဲဒီရွာတွေက နေအိမ် ၆၀ ကျော် မီးရှို့ခံရပြီး အိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း အကုန်ယူသွားကြတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လက်ရှိအချိန်သည် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရမည့်ကာလဖြစ်သော်လည်း စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတောင်သူများမှာ မိုးထဲလေထဲတွင် စစ်ဘေးရှောင်နေရပြီး ယာခင်းများတွင် သီးနှံစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မီးရှို့ခံရသော ကျေးရွာများမှ ပြည်သူများ သိုလှောင်ထားသည့် မြေပဲများလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
“အခုအချိန်က တောင်သူတွေ မိုးထဲလေထဲမှာ စစ်ဘေးရှောင်နေရတာ။ မိုးကလည်း သဲနေတော့ ယာခင်းတွေတောင် မစိုက်ရ၊ မကျဲရသေးဘူး။ မီးရှို့ခံရတဲ့ရွာက ပြည်သူတွေရဲ့ မြေပဲတွေပါ မီးထဲပါသွားတယ်။ မြေပဲက တစ်တင်းကို နှစ်သိန်းဈေး ပေါက်နေတာ။ မိမိကျေးရွာကိုလည်း မပြန်နိုင်သေးတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု ဒေသခံပြည်သူက ဆက်လက်ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇွန်လပိုင်းမှစတင်၍ ချောက်မြို့နယ်အတွင်း စစ် ကြောင်းထိုးနေခြင်းဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်တိုက် ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ညောင်ဇင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့စဉ်ကလည်း ပြည်သူ ၄ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။




