25.5 C
Yangon

ပြည်တွင်းတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အငြင်းပွားမှု ၂၂၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု STUM ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆ က်လက်မြင့်တက်နေပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် တရားမျှတမှုရရှိစေရန် အငြင်းပွားမှု ၂၂၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်မားနေပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ၂၂၇ မှုကို ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအနက် အမှုပေါင်း ၁၇၁ မှုကို ညှိနှိုင်းမှုနှင့် တရားစီရင်ရေးလမ်းကြောင်းများမှတစ်ဆင့် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ အမှုပေါင်း ၅၆ မှု ကျန်ရှိနေကြောင်း သိရသည်။

အဓိကဖြစ်ပွားသည့် အမှုများမှာ လုပ်ခလစာအငြင်းပွားမှု၊ ဥပဒေမဲ့ အလုပ်ထုတ်ပယ်ခံရမှု၊ အလုပ် သမားဥပဒေချိုးဖောက်မှု၊ EC စာချုပ်ချိုးဖောက်မှုနှင့် နှစ်ဖက်သဘောတူစာချုပ် ချိုးဖောက်မှုများဖြစ်ပြီး အထည်ချုပ်လုပ်ငန်း (Garment Industry) မှ အမှုဖြစ်ပွားမှု စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံထားကြောင်း သိရသည်။

“အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ အခြားမြို့နယ်တွေမှာရှိတဲ့ စက်ရုံတွေမှာလည်း ဖြစ်နေတာ။ အဓိကကတော့ စကစလက်အောက်ခံ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနကို တိုင်ထားတဲ့အမှုတွေကို ခေါ်ယူစစ်ဆေးတာ မရှိတာပါပဲ။ အဲလို မရှင်းတော့ နောက်ဆက်တွဲ အလုပ်ထုတ်တာတွေ ဖြစ်ကုန်တာ။ အဲလို အလုပ်ထုတ်ခံရတော့ အလုပ်သမားဘက်က နစ်နာပါတယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Nay Shwe Win Co., Ltd၊ Bontech Manufacturing Co., Ltd၊ Li Da Garment Myanmar Co., Ltd၊ Costec International Co., Ltd နှင့် True Green City Co., Ltd စက်ရုံများတွင် အလုပ်သမားအငြင်းပွားမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာ Brand များဖြစ်သည့် Terranova၊ Calliope၊ FB Sister၊ Reserved၊ Vizwell၊ Sinsay၊ LC Waikiki နှင့် DeFacto စသည့် Brand များ၏ Supply Chain များအတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ကို တွေ့ရှိရကြောင်း STUM က ထောက်ပြထားသည်။

STUM ၏ ဥပဒေရေးရာနှင့် Paralegal ကြားဝင်ဆောင်ရွက်မှုများကြောင့် အလုပ်သမားများအတွက် နစ်နာကြေးငွေ စုစုပေါင်း ၁,၉၄၁,၈၄၅,၇၅၂ ကျပ် ပြန်လည်ရရှိအောင် တောင်းဆိုပေးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ခြံအမှတ် ၈၇/၈၈၊ ပတ္တမြားလမ်းရှိ Bontech Manufacturing Co., Ltd စက်ရုံ၏ Cutting (ပိတ်ဖြတ်) ဌာနတွင် လုပ်ကိုင်နေသော အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကို စက်အား မှားယွင်းနှိပ်မိ၊ တိုးမိသည့်ကိစ္စနှင့်ပတ်သက်၍ စက်ရုံဘက်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

ယင်းအလုပ်သမားသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က လုပ်ခလစာတောင်းဆိုမှုတွင် ဦးဆောင်ခဲ့သူဖြစ်သဖြင့် အပြစ်ရှာ၍ အလုပ်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း STUM က ဆိုသည်။

ဇွန်လ ၂၉ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ်သမားများအကြား နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ဇွန်လ ၃၀ ရက်နေ့တွင် လုပ်ငန်းရှင်ဘက်က လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများနှင့် ချုပ်ဆိုထားသော EC စာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေပြည်သာ အလုပ်သမားရုံးသို့ တိုင်ကြားစာ ပေးပို့ခဲ့သော်လည်း ယခု အလုပ်သမားသမဂ္ဂခေါင်းဆောင် အလုပ်ထုတ်ခံရသည့်အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

Bontech စက်ရုံသည် ယခင်ကလည်း သမဂ္ဂဘဏ္ဍာရေးမှူးတစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ရွှေပြည်သာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးက ယင်းအမှုကို ပြီးဆုံးသည်အထိ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း STUM က ထောက်ပြထားသည်။

ယခု အလုပ်ထုတ်ခံရသူသည် စက်ရုံအလုပ်သမားသမဂ္ဂ၏ အလုပ်အမှုဆောင်ကော်မတီ (EC) အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားအဖွဲ့၏ အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Bontech စက်ရုံ၌ နိုင်ငံတကာ Brand များအတွက် အထည်များ ချုပ်လုပ်နေသော်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ တိုင်ကြားစာများကို တုံ့ပြန်ဖြေရှင်းခြင်းမရှိကြောင်း STUM က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article