ရန်ကုန်၊ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဖားကန့်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဥရုချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များကို ရေများ စတင်ဝင်ရောက်လာသဖြင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဥရုချောင်းရေသည် ဆက်လက်တိုးလာခြင်းမရှိဘဲ ရပ်တန့်နေသော်လည်း မိုးအဆက်မပြတ် ထပ်မံရွာသွန်းလာပါက ချောင်းရေထပ်မံတက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကုန်းမြင့်ရှိရာဘက်သို့ ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရေကတော့ ဆက်မတက်သေးပေမဲ့ မိုးအဆက်မပြတ် ရွာသွန်းရင် ရေထပ်တက်လာနိုင်လို့ အနိမ့်ပိုင်းဒေသက ပြည်သူတွေ ကြိုပြီး တိမ်းရှောင်နေကြတာပေါ့။ အခုက အနိမ့်ပိုင်းရပ်ကွက်တွေကို ရေတွေ စဝင်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဇွန်လပိုင်းကလည်း ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်မှုကြောင့် ဖားကန့်မြို့ပေါ်ရှိ မော်ဝမ်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်တို့တွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထိုသို့ ရေကြီးမှုအတွင်း ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်မှ ရှရော်ခကျေးရွာဘက်အထွက်ရှိ တောင်ကုန်းတစ်ခု မြေပြိုကျခဲ့ရာ နေအိမ်တစ်လုံး မြေပိသွားခဲ့ပြီး အသက် ၅၉ နှစ်အရွယ် နေအိမ်ပိုင်ရှင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။






