25.3 C
Yangon

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယအရှေ့မြောက်ပိုင်းမှတစ်ဆင့် သယ်ယူရန် မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကို အသုံးချနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှတစ်ဆင့် နိုင်ငံအတွင်းပိုင်းသို့ သယ်ယူပို့ဆောင်ရာတွင် မူးယစ်မှောင်ခိုသမားများက အမျိုးသမီးများနှင့် ကလေးသူငယ်များကိုပါ အသုံးချလာကြောင်း အာသံပြည်နယ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန CID က ထုတ်ဖော်ပြောဆိုသည်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို ပူးပေါင်းနှိမ်နင်းရန် မြန်မာဘက်ထံ အကူအညီတောင်းခံခဲ့ပြီး ရက်ပိုင်းအကြာတွင် အာသံပြည်နယ် စုံစမ်းစစ်ဆေးရေးအရာရှိများက ယင်းအခြေအနေကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းဌာန Deccan Herald က သတင်းဖော်ပြသည်။

မူးယစ်မှောင်ခိုသမားများသည် ရထားနှင့် ဘတ်စ်ကားများပေါ်တွင် အမျိုးသမီးများနှင့် ကလေးသူငယ်များကို သာမန်ခရီးသည်များအဖြစ် ဟန်ဆောင်ခိုင်းကာ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းနေကြောင်း၊ ဘိန်းဖြူ၊ ကိုကင်းကဲ့သို့ တန်ဖိုးကြီးမူးယစ်ဆေးဝါးများကို ကလေးငယ်များ၏ အဝတ်အိတ်ကပ်များနှင့် ကစားစရာအရုပ်များအတွင်း ထည့်သွင်း၍ ပမာဏအနည်းငယ်စီ သယ်ယူစေသည့် နည်းလမ်းများကို အသုံးပြုနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ စစ်ဆင်ရေးတွေအတွင်း မူးယစ်ဆေးသယ်တဲ့ နည်းလမ်းအသစ်မျိုးစုံကို တွေ့နေရပါတယ်။ မှောင်ခိုသမားတွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို ရထား၊ ဘတ်စ်ကားခရီးသည်တွေအဖြစ် ဟန်ဆောင်ခိုင်းပြီး မူးယစ်ဆေးတွေ သယ်ခိုင်းနေကြတယ်။ ဘိန်းဖြူ၊ ဘရောင်းရှုဂါးနဲ့ ကိုကင်းလို တန်ဖိုးကြီးမူးယစ်ဆေးတွေကို ကလေးတွေရဲ့ အိတ်ကပ်တွေ၊ အရုပ်တွေထဲမှာ ထည့်ပြီး နည်းနည်းစီ သယ်ခိုင်းနေကြပါတယ်” ဟု အာသံပြည်နယ် CID အထူးညွှန်ကြားရေးမှူးချုပ် Munna Prasad Gupta က ပြောဆိုသည်။

အာသံပြည်နယ်အစိုးရ၏ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ” အစီအစဉ်အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသော အိန္ဒိယရူပီး ၄၇၁ ဒသမ ၅၂ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးသည့်အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးဖျက်ဆီးမှုကို အာသံပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma ကိုယ်တိုင် စတင်ခဲ့ပြီး လမ်းကြိတ်စက်တစ်စီး မောင်းနှင်ကာ လွန်ခဲ့သည့် ၃ နှစ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသော ချောင်းဆိုးပျောက်ဆေးရည်ပုလင်း ၂၂၉,၀၀၀ ကျော်ကို ကြိတ်ချေဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အာသံပြည်နယ် ခရိုင် ၉ ခုမှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ၊ ကိုကင်း၊ မော်ဖင်း၊ ဆေးခြောက်၊ စိတ်ကြွဆေးပြားနှင့် ဆေးတောင့်များ၊ ဘိန်း၊ ဘိန်းရိုးနှင့် ဘိန်းပင်များ ပါဝင်ပြီး ဖျက်ဆီးရေးလုပ်ငန်းကို နောက်ထပ် ၁၀ ရက်ကြာ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမှ မနီပူရ်နှင့် မီဇိုရမ်နယ်စပ်များကို ဖြတ်ကျော်၍ ဘိန်းဖြူနှင့် မက်သာဖက်တမင်း စိတ် ကြွဆေးများ ဆက်တိုက်ဝင်ရောက်နေခြင်းသည် အလွန်စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်ကြောင်း အာသံပြည်နယ်ဝန်ကြီးချုပ် ဆာမာက ပြောဆိုသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က အရှေ့မြောက်ပိုင်းဒေသမှတစ်ဆင့် မြန်မာနိုင်ငံထုတ် မူးယစ်ဆေးဝါးများ မှောင်ခိုကူးမှုကို နှိမ်နင်းရန် လတ်တလော အာရုံစိုက်လုပ်ဆောင်လာသဖြင့် အာသံအစိုးရကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပိုမိုအရှိန်မြှင့်ရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။

“အရှေ့မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားကို မူးယစ်ဆေးသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေကြတာပါ။ CID က စစ်ဆေးတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ လက်ကျိုး၊ ခြေကျိုးရင် ပတ်တဲ့ ဂျစ်ပဆမ်ပတ်တီးအတုတွေထဲ မူးယစ်ဆေးထည့်ပြီး သယ်တာတောင်ရှိတယ်။ အခု အမျိုးသမီးတွေနဲ့ ကလေးတွေကိုပါ အသုံးချလာတာဟာ တကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဆာမာက ပြောဆိုသည်။

အာသံအစိုးရ၏ ထုတ်ပြန်ချက်များအရ ၂၀၁၅ ခုနှစ်တွင် ဘိန်းဖြူ ၁ ကီလိုဂရမ်သာ ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဘိန်းဖြူ ၁၈၃ ကီလိုဂရမ်အထိ ဖမ်းဆီးရမိခဲ့ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း နှစ်စဉ် ရူပီး ကုဋေ ၁,၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၅ နှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃,၃၀၀ ကျော် မှတ်တမ်းတင်ထားပြီး အိန္ဒိယရူပီး ၃,၂၂၇ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ဆာမာက ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်ကို ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ရေးအတွက် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်ဝန်ကြီးချုပ်များနှင့် ရဲတပ်ဖွဲ့အကြီးအကဲများအကြား ပူးပေါင်းဆောင်ရွက်မှုယန္တရား ခိုင်မာစေရန် မကြာမီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

FILE PHOTO: A man rides his motorised two-wheeler across the Indo-Myanmar border bridge at the border town of Moreh, in the northeastern Indian state of Manipur, January 25, 2012. REUTERS/Rupak De Chowdhuri/File photo
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article