ရန်ကုန်၊ ဇူလိုင် ၁၆
မြန်မာနိုင်ငံရှိ ကရင်နီတော်လှန်ရေးအင်အားစုများအပါအဝင် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများအနေဖြင့် စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်မည့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးယူနစ်များ ဖွဲ့စည်းသင့်ကြောင်း Fortify Rights က ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
Fortify Rights က ယင်းစုံစမ်းစစ်ဆေးရေးယူနစ်များ ဖွဲ့စည်းရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီများနှင့် သင်တန်းများ ပံ့ပိုးပေးရန် အသင့်ရှိကြောင်းလည်း ပြောဆိုထားသည်။
Fortify Rights ၏ အဆိုအရ မကြာသေးမီက ကရင်နီပြည်နယ်တွင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (Laws of War)၊ လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှု အထောက်အထားမှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်းများကို ပြုလုပ်ခဲ့ပြီးနောက် ကရင်နီခေါင်းဆောင်များက စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးယူနစ် ဖွဲ့စည်းနိုင်ရေးအပေါ် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် ကရင်နီတော်လှန်ရေးအင်အားစုများကလည်း စစ်ဥပဒေများကို လိုက်နာဆောင်ရွက်မည်ဟု ထပ်မံကတိပြုခဲ့ကြောင်း သိရသည်။
Fortify Rights ၏ အကြီးတန်းညွှန်ကြားရေးမှူး Peter Bouckaert က လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် စစ်ဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအရ မိမိတို့၏ တာဝန်ဝတ္တရားများကို နားလည်ပြီး ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနိုင်သည့် စွမ်းရည်များ ရှိစေရေးသည် အရေးကြီးကြောင်း ပြောဆိုထားသည်။
“ကရင်နီပြည်နယ်မှာ သင်တန်းတက်ရောက်သူတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေ စံနှုန်းတွေကို နားလည်ပြီး လက်တွေ့အသုံးချဖို့ အလေးအနက်ထားဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အခုအချိန်ဟာ ကရင်နီအင်အားစုတွေအပါအဝင် မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစုအားလုံးအနေနဲ့ မိမိတို့ရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးယူနစ်တွေ ဖွဲ့စည်းသင့်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းနိုင်ဖို့ ကျွန်တော်တို့ အဆင်သင့်ကူညီသွားမှာပါ” ဟု Peter Bouckaert က ပြောကြားသည်။
Fortify Rights က မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းအားလုံးအနေဖြင့် လွတ်လပ်သည့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးယူနစ်များ ထူထောင်သင့်ကြောင်း အကြံပြုထားပြီး ယင်းယူနစ်များသည် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအပါအဝင် ပဋိပက္ခတွင် ပါဝင်နေသည့် မည်သည့်အဖွဲ့၏ စွပ်စွဲခံရသော ချိုးဖောက်မှုများကိုမဆို နိုင်ငံရေးနှင့် စစ်ရေးသြဇာလွှမ်းမိုးမှုကင်းစွာ စုံစမ်းစစ်ဆေးနိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် စွပ်စွဲခံရသူ၏ ရာထူး၊ အဆင့်၊ အဖွဲ့အစည်း မည်သို့ပင်ဖြစ်စေ စုံစမ်းစစ်ဆေးနိုင်သည့် လုပ်ပိုင်ခွင့် ရှိသင့်ကြောင်းလည်း အကြံပြုထားသည်။
Fortify Rights သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၆ ခုနှစ် မတ်လတို့တွင် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဖိတ်ကြားချက်ဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ် (KPLA) တို့ကို လူ့အခွင့်အရေး၊ စစ်ဥပဒေ၊ လက်နက်အမျိုးအစားခွဲခြားသတ်မှတ်ခြင်း၊ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးနည်းနှင့် အထောက်အထားထိန်းသိမ်းနည်းများဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းများတွင် စစ်ဘက်ပစ်မှတ်နှင့် အရပ်သားပစ်မှတ် ခွဲခြားသတ်မှတ်ခြင်း၊ အချိုးကျအင်အားအသုံးပြုခြင်း (Proportionality)၊ အမိန့်ပေးတာဝန်ခံမှု (Command Responsibility)၊ လူ့အခွင့်အရေးဥပဒေ၊ အထောက်အထား စုဆောင်းခြင်း၊ Chain of Custody ထိန်းသိမ်းခြင်း၊ သဘောတူညီချက်ဖြင့် မေးမြန်းခြင်း၊ လက်နက်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းနှင့် နိုင်ငံတကာ တာဝန်ခံမှုယန္တရားများအကြောင်းကို သင်ကြားပို့ချပေးခဲ့ကြောင်း Fortify Rights က ပြောသည်။
Fortify Rights ၏ အဆိုအရ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပိုမိုလိုက်နာနိုင်ရေးနှင့် စစ်ရာဇဝတ်မှု အထောက်အထားမှတ်တမ်းတင်နိုင်စွမ်း မြှင့်တင်ခြင်းသည် အရပ်သားထိခိုက်မှုများ လျှော့ချနိုင်ရန်၊ ရာဇဝတ်မှုအထောက်အထားများ ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ်တွင် တာဝန်ခံမှုဖော်ဆောင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ဆိုသည်။
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဋ္ဌနှင့် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးကလည်း “ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး အခွင့်အရေးတွေကို လေးစားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ စစ်ဥပဒေကို လေးစားလိုက်နာနိုင်ရေးနဲ့ စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းမှတ်တမ်းတင်နိုင်ရေးအတွက် Fortify Rights နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ကြိုဆိုပါတယ်” ဟု ပြောဆိုထားသည်။
Fortify Rights သည် ၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် IEC နှင့် KNDF ထံသို့ စာပေးပို့ကာ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးယူနစ် ထူထောင်ရန်နှင့် အရပ်သားပြည်သူများကို ကာကွယ်ရင်း စစ်ဥပဒေများကို ဆက်လက်လိုက်နာရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
Fortify Rights ၏ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် လူပေါင်း ၂၅၀,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများအပါအဝင် အရပ်သားအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်အတွင်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းနယ်စပ်ဒေသများရှိ လယ်သမားများနှင့် စိုက်ပျိုးမြေများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို Fortify Rights က မှတ်တမ်းတင်ထားကြောင်း သိရသည်။
Fortify Rights က နိုင်ငံတကာအစိုးရများအနေဖြင့် စစ်ကောင်စီအား မည်သည့်နိုင်ငံရေးအသိ အမှတ်ပြုမှုမျှ မပေးသင့်ကြောင်း၊ ယင်းအစား အရပ်သားကာကွယ်ရေး၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ ရပ်ရွာအခြေပြု လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် နိုင်ငံတကာတရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးသင့်ကြောင်း တိုက်တွန်းထားသည်။




