24 C
Yangon

စစ်တပ်၏ သတ်ဖြတ်မှု ခံနေရသော မြန်မာပြည်သူများအတွက် ကုလလုံခြုံရေးကောင်စီက ဘာထိရောက်အောင် ဆောင်ရွက်နိုင်ပေးမလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးတွင် မေးခွန်းထုတ်

Must read

စစ်တပ်၏ သတ်ဖြတ်မှု ခံနေရသော မြန်မာပြည်သူများအတွက် ကုလလုံခြုံရေးကောင်စီက ဘာထိရောက်အောင် ဆောင်ရွက်နိုင်ပေးမလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးတွင် မေးခွန်းထုတ်

ရန်ကုန်၊ မေ ၅

စစ်တပ်၏ သတ်ဖြတ်မှု ခံနေရသော မြန်မာပြည်သူများအတွက် ကုလလုံခြုံရေးကောင်စီက ဘာထိရောက်အောင်ဆောင်ရွက်နိုင်ပေးမလဲဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အစည်းအဝေးတွင် မိန့်ခွန်းပြောဆိုမေးခွန်းထုတ်လိုက်သည်။

အမေရိကန်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၏ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်အောက်မှ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတစ်ခုကိုမေလ ၃ ရက်နေ့ တွင် ကျင်းပပြုလုပ်စဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ တက်ရောက်မိန့်ခွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ယခုအခြေအနေတွင် မေးခွန်းမေးစရာဖြစ်လာကြောင်း၊ ကုလသမဂ္ဂ၏ ကြိုတင်သတိပေးရေး အချက်များကို အခြေပြု၍ လုံခြုံရေးကောင်စီအနေဖြင့် မည်ကဲ့သို့ ထိရောက်သော ဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်မည်လဲဟု မေးစရာရှိသကဲ့သို့၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရေးအတွက် မြန်မာပြည်သူများအနေဖြင့် လုံခြုံရေးကောင်စီမှ ဘာကိုမျှော်လင့်နိုင်မည်လဲဟု မေးခွန်းထုတ်စရာရှိကြောင်း” သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်မှ တရားမဝင်အာဏာသိမ်းခဲ့သည့် (၂၇) လ အတွင်း စစ်တပ်၏ လူမဆန်သော ရက်စက်သတ်ဖြတ်မှုများနှင့် ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် တုံ့ပြန်ရာတွင် လုံခြုံရေးကောင်စီမှ သတင်းထုတ်ပြန်ချက် (၇) စောင်၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (၁) စောင်နှင့် မြန်မာ့သမိုင်းတွင် ပထမဆုံးလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်များ၊ ဆုံးဖြတ်ချက်များတွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေး၊ ထိန်းသိမ်းထားသည့် ရွေးကောက်ခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက် အမြန်ဆုံးအကောင်အထည်ဖော်ရေးများ တောင်းဆိုထားကြောင်း သိရှိရသည်။

သို့သော်လည်း လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို စစ်တပ်မှ လေးစာမှုမရှိ လျစ်လျူရှု လျက်ရှိပြီး၊ အပြစ်မဲ့ပြည်သူ (၃,၄၀၀) ဦး ကျော်ကို ဥပဒေမဲ့သတ်ဖြတ်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ အကြီးမားဆုံး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာတွင် အရပ်သားများ စုဝေးမှုအား လေကြောင်းမှ မဆင်မခြင် ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ (၆) လသား အရွယ်ကလေးနှင့် အရွယ်မရောက်သေးသည့် ကလေးများ၊ အမျိုးသမီးများအပါအဝင် လူပေါင်း (၂၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုဖြစ်ရပ်၊ စစ်ရာဇဝတ်မှုမြောက်သည်မှာ ထင်ရှားကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ပါ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုများလျစ်လျူရှုလျက် ပြည်သူများအပေါ်စစ်တပ်မှ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်နေမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး၊ ပိုမိုရက်စက်လာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၀) ကျော် ပါဝင် လက်မှတ်ရေးထိုးထားသည့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှုကျူးလွန်မှုများအပေါ် လုံခြုံရေးကောင်စီက အရေးယူမှုများနှင့် စပ်လျဉ်း၍ ACT Code of Conduct အား ပြန်လည်ဖော်ပြလိုကြောင်း၊ ကြိုတင်ကာကွယ်ရေးစီမံချက်များနှင့် ကြိုတင်သတိပေးမှု၏ အရေးကြီးမှု များကို မိမိတို့အနေဖြင့် ထပ်ခါထပ်ခါ သက်တောင့်သက်သာ ပြောဆိုကြကြောင်း၊ မြန်မာစစ်တပ်၏ ရက်စက်သည့်လုပ်ရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် IIMM တို့မှ အကျယ်တဝင့် ဖော်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ပဋိပက္ခတစ်ခုဖြေရှင်းရေးတွင် လုံခြုံရေးကောင်စီအတွင်း မတူညီသောအမြင်များ ရှိသည်ကို မိမိတို့အနေဖြင့် နားလည်ကြောင်း၊ သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှုများအပေါ် ရှုတ်ချမှု၊ အပြစ်ကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် ဆောင်ရွက်မှု၊ ပြည်သူများအသက် ထပ်မံဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်ပေးမှုများကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း၊ စစ်တပ်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင် နေဦးမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာပြီး စစ်တပ်၏ အရပ်သားပြည်သူများ အပေါ် လူမဆန်သောသတ်ဖြတ်မှုများကို လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ မျှော်လင့်ချက်နှင့်ဆန္ဒအတိုင်း ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲအဖြစ် ထိရောက်သောလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးရန် လုံခြုံရေးကောင်စီကို တောင်းဆိုကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွား နေသော အကြပ်အတည်းကို ဖြေရှင်းပေးရုံသာမက၊ မြန်မာနိုင်ငံ၏ ပဋိပက္ခလွန်ကာလ အောင်မြင်သော ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်ပေါ်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။

ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မိန့်ခွန်းပြောနေစဉ်။ (ပုံအဟောင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article