26 C
Yangon

စစ်ခေါင်းဆောင်များ၏ မိစ္ဆာဒိဌိ အတွေး အခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မည်ဟု နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး အသိပေး ပြောဆို

Must read

စစ်ခေါင်းဆောင်များ၏ မိစ္ဆာဒိဌိ အတွေး အခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက်မည်ဟု နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး အသိပေး ပြောဆို

ရန်ကုန်၊ မေ ၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၏ မိစ္ဆာဒိဌိ အတွေး အခေါ်ကို အမြစ်ဖြတ်နိုင်မှသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးတိုးတက် မှုရမည်ဖြစ်ကြောင်း နိုင်ငံတကာကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုလိုက်သည်။

PDF ရဲဘော်များသို့ ပုံမှန် ပေးပို့နေသည့် အပတ်စဉ် ရေဒီယို မိန့်ခွန်အစီအစဉ်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယနေ့သည် PDF တပ်မတော်ဖွဲ့စည်းမှု ၂ နှစ်ပြည့်သည့် သမိုင်း နေ့တစ်နေ့လည်းဖြစ်သည်။

“အိမ်နီးချင်းတွေ အပါဝင် နိုင်ငံတကာက မြန်မာ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုလားနေကြတယ်ဆိုတာ ရဲဘော်တို့လည်း သတိပြုမိလိမ့်မယ်။ မြန်မာပြည်သူတွေဟာ ပုဂ္ဂိုလ်ရေး မုန်း လို့၊ မကျေနပ်လို့၊ ဒေါသကြောင့်၊ အာဃာတကြောင့် လက်နက်စွဲကိုင်ပြီး ထချနေတာမဟုတ်ဘူး ၊ ဒီနိုင်ငံကို အမျိုးမျိုး ဒုက္ခပေးနေတဲ့ ဖက်စစ်စစ်တပ် အမြစ်ပြတ်မှ အေးမယ်ဆိုတဲ့ ဘဝပေးအသိကြောင့် အသက်တွေဘဝတွေရင်းပြီး တွန်းလှန်တိုက်ပွဲ ဝင်နေကြတာဖြစ်တယ်။ စစ်တပ်ကသာလျှင် နိုင်ငံကိုအစဉ်သဖြင့် ဗိုလ်ကျလွှမ်းမိုးရမယ်ဆိုတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ခေါင်းထဲက မိစ္ဆာဒိဌိ အတွေးအခေါ်ကို အမြစ်ဖြတ်နိုင်မှ မြန်မာပြည်ဟာ ရေရှည် တည်တံ့တဲ့ တည်ငြိမ် ငြိမ်းချမ်းမှုနဲ့ဖွံဖြိုးတိုးတက် မှုရလိမ့်ဆိုတာ နိုင်ငံတကာသိစေ လိုတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် တပ်မတော်တစ်ခုအဖြစ် အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီး ပီပြင်အောင် တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် ဗိုလ် ကျ လွှမ်းမိုးခဲ့သည့် စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင် ခုခံ တွန်းလှန်စစ်ကို နောက်ဆုံး နည်းလမ်း အဖြစ် ရွေးချယ်ခဲ့ကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။

“အချိန်နှစ်နှစ်အတွင်း အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ပြီး တပ်မတော်တခု ပီပြင်အောင် ကိုယ်တိုင်ပါဝင် တည်ဆောက်ခဲ့ကြတဲ့ ရဲဘော်တယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်သလို ဂုဏ်လည်း ယူတယ်။ နိုင်ငံ အပေါ် နှစ်ပေါင်း (၆၀) ကျော် ဗိုလ်ကျ လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကိုအမြစ် ဖြတ်ဖို့ လူငယ်တွေဟာ လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို နောက်ဆုံးနည်းလမ်းအဖြစ်ရွေးချယ်ခဲ့ကြတယ်။ လူစိတ် ပျောက်နေတဲ့အကြမ်းဖက်စစ်တပ်ကို ရရာလက်နက်ကိုင်စွဲပြီး တွန်းလှန်ဖို့ တော်လှန်ရေးအစုအဖွဲ့ တွေကို အနယ်နယ် အရပ်ရပ်မှာ ထူထောင်ခဲ့ကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆိုရင် တော်လှန်ရေးကိုထိထိရောက်ရောက် ဆင်နွှဲဖို့ တော်လှန်ရေးအလွန်မှာ ထူထောင်ရမဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေး အမြူတေဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတဝန်းက တော်လှန်ရေးအစုဖွဲ့တွေကိုစုစည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အမည်ဖြင့် တပ်မတော်သစ် ထူထောင်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖြစ်ပေါ်လာရေးတွင် ပြည်သူလူထု၏ ကျေးဇူးတရားကြီးမားပြီး လက်နက်ကိုင်၍ ပြည်သူလူထုကို အနိုင်မကျင့်ရန်လည်း လိုအပ်ကြောင်း ၎င်းက သတိပေးသည်။

“ပြည်သူလူထုရဲ့ ထောက်ခံပါဝင်မှုသာမရှိဘူးဆိုရင် တပ်မတော် တစ်ခုထူထောင်ဖို့ဆိုတာဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး။ တို့တပ်မတော်အပေါ် ပြည်သူလူထုရဲ့ ကျေးဇူးအထူးကြီးမားတယ်ဆိုတာ ငါတို့မမေ့မလျော့ရှိဖို့လိုတယ်။

ငါတို့လက်မှာ ဘာကြောင့် သေနတ်ကိုင်ထားသလဲ။ မြန်မာတိုင်းရင်သားပြည်သူအားလုံး စစ်ကျွန်ဘဝက အပြီးတိုင်လွှတ်မြောက်ရေး တိုက်ပွဲဝင်ဖို့ဖြစ်တယ်။ ဒီနိုင်ငံရေးအသိကို ရဲဘော်တို့ အားလုံး နေ့စဉ်နဲ့အမျှနှလုံးသွင်းနေဖို့ လိုတယ်။ လက်နက် ကိုင်ပြီး ပြည်သူကို အနိုင်ကျင့်တယ်၊ ဗိုလ်ကျတယ်ဆိုတာအင်မတန် စက်ဆုပ်စရာကောင်းတဲ့အမူအကျင့်ပဲ ဖြစ်တယ်။ ဒီအချက်ကို ရဲဘော်တို့ အထူးသတိပြုဆင်ခြင်ရမှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးပြောဆိုသည်။

နွေဦး တော်လှန်ရေးသည် အရှိန်တက်လာသည်နှင့်အမျှ အဖျက်အမှောင့် စကားလုံးများကို ကြားရမည်ဖြစ်ကြောင်း၊ မြေပြင်တွင် လက်နက်ကိုင်အစုအဖွဲ့များ ကွဲပြားပြီး NUG က ဒီအခြေအနေကို မထိန်းနိုင် မသိမ်းနိုင်ဟု လည်း ကောင်း၊ တော်လှန်ရေးရေစုန်မျောပါပြီဟုလည်းကောင်း တော်လှန်ရေးကိုပုံဖျက်သည့် အဖျက်အမှောင့်စကားများ ကြားရကြောင်း၊ ယင်းသို့ ပြောဆိုမှုများကို သတိထားရမည်ဟု ၎င်းက ပြောသည်။

“ဒီအချိန်မှာအရေးကြီးဆုံးက ငါတို့တော်လှန်ရေးအင်အားစုအာလုံး စိတ်ရောကိုယ်ပါ ညီညွတ်ကြောင်း ပြည်သူသိအောင် သက်သေပြဖို့ပဲဖြစ်တယ်။ အထူးသတိချပ်ရမှာက ကိုယ့်ရဲဘော်ရဲဘက်အချင်းချင်း ကိုယ့်တော်လှန်ရေးအဖွဲ့အချင်းချင်း ကြားမှာ ပြသနာတစ်စုံတရာရှိခဲ့ရင် ဒီပြသနာကို တော်လှန်ရေးအကျိုးရှေးရှုပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းဖို့လိုတယ်။ အထက်တာဝန်ရှိသူတွေကိုလည်း အသိပေးတင်ပြဖို့ လိုတယ်။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းတာ အင်အားသုံးဖြေရှင်းတာကို အထူးရှောင်ကြဉ် ကြဖို့သတိပေးလိုတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုသည်။

စစ်ကောင်စီက မြေပြင်တွင် PDF တပ်များကို မယှဉ်နိုင်တော့သည့်အတွက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ အရပ်သား၊ PDF မခွဲခြားတော့ဘဲ ခေါင်းဖြတ်သတ်ခြင်း၊ အရှင်လတ်လတ် မျက်လုံးဖောက်ထုတ်သတ်ခြင်း၊ ယောင်္ကျားအင်္ဂါဖြတ်သတ်ခြင်း၊ အိမ်ထဲထည့်၍ အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ခြင်းများကို ကျူးလွန်နေကြောင်း၊ ထိုသို့ ကျူးလွန်မှုများကြောင့် နောက်တွန့်သွားစရာ အကြောင်းမရှိဘဲ တော်လှန်ရေး အောင်မြင်ရေး ပိုမိုခိုင်မာစေရန် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

“အညာမှာဆိုရင် နှစ်ပေါင်းရာချီခဲ့တဲ့ သမိုင်းဝင်ရွာကြီးအမြောက်အမြား မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်။ ဒါဟာပြည်သူ့အိုးအိမ် ဥစ္စာ ကိုဖျက်ဆီးတာသာမက ကိုယ့်နိုင်ငံရဲ့သမိုင်း ကိုယ့်အမျိုးသား ယဉ်ကျေးမှု ကိုပါ ဖျက်ဆီးနေတာဖြစ်တယ်။ သရဲဘောကြောင်တဲ့စစ်ကောင်စီဟာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တဲ့စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်နေပြီလို့ပဲ ဆိုရမယ်။ ဒီရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တော့ ပြည်သူ့တော်လှန်ရေး နောက်တွန့်သွားစရာ အကြောင်းမရှိ ၊ တော်လှန်ရေး မအောင်လို့မဖြစ် ၊ ရာဇဝတ်ကောင်တွေကို တရားစီရင်နိုင်ဖို့ တော်လှန်ရေးအောင်မှ ဖြစ်မယ်ဆိုတဲ့ သံန္နိဌာန်ကို ပိုပြီးခိုင်မာစေဖို့ပဲရှိလိမ့်မယ်” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် People’s Defense Force-PDF ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ်လည်း သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article