ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာမှု အနာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အရေးပါသော ဗဟိုချက် ဟု NUG ယာယီ သမ္မတ ဒူဝါလ ရှီးလ ပြော
■ အခြားပြည်နယ်များတွင်လည်း ပြည်နယ် အုပ်ချုပ်ရေးကောင်စီများ ပေါ်ပေါက် လာရန် မျှော်လင့်
ရန်ကုန်၊ ဇွန် ၁၂
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေါ်ပေါက်လာမှု အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အရေးပါသော ဗဟိုချက်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလ ရှီးလက ပြောဆိုလိုက်သည်။
ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State (IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် ၆ ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်း ယ နေ့ဇွန်လ ၁၂ ရက်နေ့တွင် တရားဝင်ကြေညာခဲ့ပြီး ယင်းကြေညာမှုသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ခိုင်မာသော ခြေလှမ်းဖြစ်ကြောင်း သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ချုပ် ငြိမ်းရေး ၊ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေး စသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းတည် ထောင်ခဲ့ကြောင်း၊ ယင်းအတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ဦး ဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်အတိုင်း ကရင်နီပြည်နယ်ကြား ကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို အခြေပြုတည် ဆောက်နေတာဖြစ်ခြင်းကြောင့် ယခုကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် သစ်အတွက် ကြီးစွာသော အထောက်အပံ့ကောင်း ဖြစ်စေလိမ့် မယ်လို့ ယုံကြည်ပါတယ်၊ ဒါကြောင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် ကရင်နီပြည်နယ်ဟာ အရေး ကြီး သော ဗဟိုချက်တစ်ခုအနေနဲ့ပါဝင်နေပါတယ်လို့ ပြောချင်ပါတယ်၊” ဟု အမျိုးသားညီညွတ်ရေးအစိုး ရ၊ ယာယီသမ္မတကြီးဒူဝါလရှီးလက ပြောကြားသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလပြည်နယ်အစိုးရ တရပ်၏ အုပ်ချုပ် ရေး ကို ဖော်ဆောင် သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်ရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပအင်အားစုများနှင့် ချိတ် ဆက်လုပ်သွားမည်ဖြစ် ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင် ရွက် လျက်ရှိသော CRPH ၊ NUCC နှင့် NUG တို့နှင့် အတူလက်တွဲသွားမည်ဖြစ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဝင် အသိပေး ထုတ်ပြန်သည်။
ကရင်နီပြည်နယ်လွတ်မြောက်အရေးအတွက် အလားအလာသစ်များကို တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကို အထူးမျှော်လင့်အားကိုးကြောင်း၊ ယခု ချမှတ်ထားသည့် ရည်ရွယ်ချက် ၃ ရပ်ကို စနစ်တကျဖြင့်အောင်အောင်မြင်မြင်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် အစဉ်တစိုက်လိုလားကြောင်း၊ ရည်ရွယ်ချက် ၃ ရပ်ကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အပေါ်မှ အခြေပြုပြီး တည်ဆောက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးက ဆက်လက်ပြောကြားသည်။
“ကရင်နီပြည်နယ်ရဲ့ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသော စံနမူနာဖြစ်ဖို့ မျှော်လင့်ပါတယ်၊ ဒါ့အပြင်အလားတူ ဖြစ်ပေါ်လာမယ့် ကြားကာလ အုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမိုစုစည်းညီညွတ် စွာပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်၊ အခြားသောပြည်နယ်တွေ ဖြစ်ပေါ် လာမယ့် ကြားကာလအုပ်ချုပ်ရေးကောင်စီတွေကလည်း ကရင်နီပြည်နယ်ရဲ့ကောင်စီကဲ့သို့ လုပ်ဆောင် ပြီးတော့ လတ်တလောပြည်သူလူထု၏ မိမိတို့ဒေသကို အုပ်ချုပ်နိုင်ဖို့ ခြေလှမ်းစပြီးတော့ လုပ်ဆောင် ကြပါ၊ လက်တွဲကြပါလို့ ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။