ရန်ကုန်၊ မတ် ၈
ယနေ့ မတ်လ ၈ ရက် နံနက် ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် တိုက်လေယာဉ်များအသုံးပြုကာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဆောင်ဒူလာကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ် အချို့ ပျက်စီးခဲ့ကြောင်း သိရှိရပြီး ပြည်သူ ထိခိုက်မှုရှိ၊ မရှိ ကနဦး မသိရှိရသေးပေ။
ဆောင်ဒူလာကျေးရွာသည် ဒီးမော့ဆိုမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာသို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးသည်။