28 C
Yangon

မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်နေစဥ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်နေစဥ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်နေစဥ် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ရေးမြို့နှင့် သံဖြူဇရပ်မြို့ အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်သွားလာမှုများကို KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် ထိ ၁ ကြိမ်နှင့် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်ခန့်ထိ ၁ ကြိမ် ၂ နေရာခွဲ၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်း စစ်ကြောင်းများ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်း တစ်လျှောက် နယ်မြေ စိုးမိုးရေး ဆောင်ရွက်နေစဥ် မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ၃၁၇ အမြှောက်တပ်က ၈၁ မမ လက်နက်ကြီးဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒေသ ပြည်သူပိုင် ရာဘာခြံအတွင်း ၃ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ပြည်ထောင်စု လမ်းမကြီးပေါ်စစ်ဆေးစဥ် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းကို စစ်ဆေးမှုပြုလုပ်ရန် ဇွန်လ ၁၀ ရက်နေ့က စတင်ကာ KNLA တပ်ရင်း ၂၇ က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေသည့် မော်တော်ယာဥ်များ အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့် အခါ ကြည်ဖြူစွာ လက်ခံရန် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်မှုမျိုး မပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်တပ် ယာဥ်များဖြင့် လိုက်ပါ စီးနင်းမှုမျိုး မပြုလုပ်ရန်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုသည့် ယာဉ်များလည်း ကြည်ဖြူစွာ အစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။

KNLA၊ PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ အနေဖြင့် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း ပုံမှန်စစ်ဆေးသွားမည် ဖြစ်ပြီး သာမန်ခရီးသွား ပြည်သူများအနေဖြင့် အမိန့်ကြေညာချက်ပါအချက်များကို လိုက်နာ ဆောင်ရွက် ကြခြင်းဖြင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ကြကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article