25 C
Yangon

အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီ တက်ရောက်မှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

Must read

အာဆီယံအစည်းအဝေးများသို့ စစ်ကောင်စီ တက်ရောက်မှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

ရန်ကုန်၊ ဇွန် ၂၄

ပဋိပက္ခပြင်းထန်နေသော မြန်မာနိုင်ငံ၌ အရပ်သားများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာလင့်ကစား အဖွဲ့၏ တရားဝင်အစည်းအဝေးများသို့ မြန်မာစစ်ကောင်စီကို အာဆီယံက ဆက်လက်ဖိတ်ကြား နေမှုအပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကျွမ်းကျင်သူ သောမတ်စ် အင်ဒရူး (Thomas Andrews)က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားသည်။

ဂျကာတာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုရာတွင် အာဆီယံ၏ တရားဝင် ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးများ၌ မြန်မာနိုင်ငံက ဆက်လက်ပါဝင် တက်ရောက်နေခြင်းကို မိမိအနေဖြင့် အထူးစိုးရိမ်မိကြောင်း Andrews ကဆိုသည်။

မြန်မာလေတပ်ဦးစီးချုပ် ထွန်းအောင်ကို ၂၀၂၃ ခုနှစ် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ၏ ဥက္ကဋ္ဌအဖြစ် အာဆီယံက ခန့်အပ်ခဲ့သည်ဟု ၎င်းကထောက်ပြသည်။ ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာကျေးရွာများကို ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူဟု ပြောဆိုကြသည်။

၎င်းမြန်မာစစ်ဗိုလ်ချုပ်ကြီးကို အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့ကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီး ဖြစ်သည်။

ယခင်လက စစ်ကောင်စီ၏ ရေတပ်စစ်ဦးစီးချုပ် မိုးအောင်ကို ၂၀၂၄ ခုနှစ် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ အကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု Andrews က ဖြည့်စွက်ပြောကြားသည်။

စစ်ကောင်စီသည် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပေါင်း (ADMM Plus) အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ လုပ်ငန်းအုပ်စုကိုလည်း ရုရှားနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆက်လက် ဆောင်ရွက်နေပြီး ယင်းအစည်းအဝေးများသို့ အင်ဒိုနီးရှားနိုင်ငံက ပါဝင်တက်ရောက်လျက်ရှိသည်။

“ဒီလို လုပ်ရပ်မျိုးဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားထိုက်မှုကို ထိခိုက်စေရုံမက စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာ ရောက်ပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုရှည်ကြာစေမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလော၌ ယင်းအစည်းအဝေးများသည် ကျွမ်းကျင်သူအဆင့် အစည်းအဝေးများသာဖြစ်ပြီး အာဆီယံ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအဆင့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခွင့် မပြုရန် တားမြစ်ထားချက်ကို ချိုးဖောက်ခြင်း မရှိကြောင်း တက်ရောက်ခွင့်ပြုခဲ့သည့် မိမိတို့၏ ဆုံးဖြတ်ချက်ကို အာဆီယံက ခုခံကာကွယ်ပြောဆိုခဲ့သည်။

“ဒါကို လက်သင့်မခံနိုင်ပါဘူး။ အာဆီယံရဲ့ ဘယ်အစည်းအဝေးကိုမှ စစ်အုပ်စုကို မဖိတ်ကြားသင့်ပါဘူး” ဟု Andrews က ပြောကြားသည်။

အင်ဒိုနီးရှားအနေဖြင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ၎င်း၏ခေါင်းဆောင်မှုကို ပြသရန်နှင့် စစ်ကောင်စီကို ဖိတ်ကြားထားသည့် မည်သည့်အစည်းအဝေးကိုမျှ မတက်ရောက်ရန် သူက တိုက်တွန်း သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ အာဏာသိမ်းမှု ဖြစ်ပွားပြီးစဉ်ကတည်းက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်လျက် ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များက အရပ်သား ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ လူပေါင်း ၁၉,၀၀၀ကျော်ကို ထိန်းသိမ်းခဲ့ပြီး အနည်းဆုံးလူဦးရေ ၁.၅ သန်းခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကာ နေအိမ်၊ ဆေးရုံ၊ ကျောင်းအဆောက်အအုံ စုစုပေါင်း ၅၈,၀၀၀ကျော်ကို ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက ဖော်ပြသည်။

သတင်းရင်းမြစ်-Shofi Ayudiana၊ ANTARA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article