25 C
Yangon

မယ်စဲ့မြို့နယ် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး လက်နက်ချ အလင်း ဝင်ပြီး မယ်စဲ့မြို့တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်း ချုပ်ထား

Must read

မယ်စဲ့မြို့နယ် ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး လက်နက်ချ အလင်း ဝင်ပြီး မယ်စဲ့မြို့တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်း ချုပ်ထား

■ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် အမြောက်လက်နက်များ၊ လက်နက်အများအပြား သိမ်းဆည်းရမိထား

ရန်ကုန်၊ ဇွန် ၂၄

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းမှ စစ် သား ၁၈ ဦး လက်နက်ချ အလင်းဝင်ပြီး မယ်စဲ့မြို့နယ်တစ်ခုလုံးတွင် စစ်တပ် စခန်းမကျန်ရှိတော့ဘဲ အားလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယနေ့ည ၇ နာရီတွင် အတည်ပြု ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ် ၏အခြေစိုက် ဗျူဟာကုန်းစခန်းကို KA ၊ KNDF ပူးပေါင်းတပ် ဖွဲ့က သိမ်းပိုက် ရရှိခဲ့ပြီး နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ် ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းသည် မယ်စဲ့မြို့နယ်အတွင်း ရှိ စစ်ကောင်စီ တပ်၏ ပင်မအထိုင်စခန်းဖြစ်ပြီး ၅ ခု မြောက် သိမ်းပိုက်နိုင်ခဲ့သော စခန်း ဖြစ်ကြောင်း ၊ အဆိုပါပင်မအထိုင်စခန်းမှ စစ်သား ၁၈ ဦး လက်နက်နှင့် တကွ လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စခန်းကို အပြီးသတ် သိမ်းဆည်းရမိပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“မယ်စဲ့မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကုန်းစခန်းက နောက်ဆုံးအထိုင် စခန်းလို့ ပြောရမယ်။ အဲဒီမှာ စစ်သားအင်အားက ၂၁ ဦးပဲရှိတာ။ အဲဒီမှာ ၁၈ ဦးက လက်နက် ချတယ်။ အလင်းဝင်တယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘယ်ရောက် သွားလဲမသိဘူး” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောဆိုသည်။

လက်ရှိတွင် မယ်စဲ့တွင် စစ်ကောင်စီတပ်စခန်းများ မကျန်ရှိတော့ဘဲ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီဖြစ်ရာ မယ်စဲ့မြို့နယ်ကို ထိန်း ချုပ်ထားနိုင်ပြီဟုဆိုနိုင်ကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်စခန်းကတော့ မယ်စဲ့မှာ မရှိတော့ဘူး။ အကုန်ကုန်ပြီ။ ဒါပေမယ့် နောက်နေ့မှာ သူတို့က လေကြောင်းတွေ ဘယ်လိုလာမလဲ။ အင်အားဖြည့် တာတွေလည်းရှိနေတယ်။ အခြေအနေက ဘာမှန်းမသိသေးဘူး” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

KNDF တပ်ရင်း ၉ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်စခန်းများကို မယ်စဲ့တွင် ဆက်တိုက်တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း ပြောဆိုသည်။

“ဇွန်လ ၁၃ ရက်နေ့ကစပြီး ဇွန်လ ၂၄ ရက်နေ့ အခုထိ စခန်း ၅ ခု သိမ်းထားနိုင် ပြီပေါ့၊ စခန်း သိမ်းပြီးတော့ ဗုံးကျဲခံရတာရှိတယ်၊ ဇွန်လ ၁၃ ရက်နေ့က စပြီး မယ့်စဲ့ရဲစခန်း၊ တောင်လှစခန်း၊ မယ်တနွယ်စခန်းနှင့် ထိုင်းနယ် စပ်ရှိ နမ့်ပေါင် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပင်မအခြေစိုက်စခန်းကို မနေ့မှာ သိမ်းပိုက် နိုင်ခဲ့တယ်” ဟု KNDF တပ်ရင်း ၉ တာဝန်ရှိသူက ပြောဆိုသည်။

မယ်စဲ့မြို့နယ်တွင် စစ်တပ်စခန်းများကို သိမ်းပိုက်ရရှိရာတွင် ၁၂၀ မမ လက် နက် ကြီး များ အပါအဝင် လက်နက်အများအပြားကို သိမ်းဆည်းရမိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ် ကရှင်းပြသည်။

“ဇွန်လ ၁၃ ရက်နေ့ စခန်း သိမ်းတုန်းက ၁၂၀ မမ လက်နက်ကြီး ၂ လက်ရ တယ်။ မနေ့ကလည်း အမြောက်တွေ လက်နက်တချို့တွေ ထပ်ရတာရှိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ခူညေးရယ်က ဆိုသည်။

ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်ကို တော်လှန်ရေး တပ်များက ထိန်းချုပ်ချိန်တွင် စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ တိုက်လေယာဉ်များ ထိုင်း-မြန်မာနယ်စပ်အထိ ပျံသန်းမှုများရှိ လာနေသည့် အတွက် အရပ်သား ပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ စစ်တပ်က လုပ်ဆောင်လာမည်ကို စိုးရိမ်ရသည်ဟု စစ်ဘေးရှောင် ကူညီရေး အဖွဲ့တချို့က ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် သိမ်းဆည်းရမိသည့် ၁၂၀ မမ လက်နက်ကြီး အမြောက်နှင့် ခဲယမ်းတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article