တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၆
ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်ရှိ တောင်ငူ-သံတောင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း People Defence Force Thandaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် တောင်ငူမှ သံတောင်ကြီးကို မောင်းနှင်လာသည့် စစ်ကား ၇စီးပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို People Defence Force Thandaung အဖွဲ့က တပြည့်ရွာအနီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ကျော်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီ ယဥ်တန်းလာတဲ့အချိန်မှာ ဒုတိယအစီးကို မိုင်းစခွဲခဲ့တယ်။ ကားပေါ်ပါလာတဲ့ စစ်ကောင်စီ တပ်သားတွေ ထွက်ကျပြီး လက်နက်တွေေရော ကျည်ဘောက်ရောကျည်ဆံ အကုန် ထွက်ကျကုန်တယ်။ စစ်ခွေး ၂၀ ကျော်သေဆုံးတယ် မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သားတွေက တပြည့်ရွာအနီး ကနေစပြီး သံတောင် ၁၃ မိုင်အထိ သေနတ်များ ရမ်းကားပစ်ခတ်ခဲ့တယ်” ဟု People Defence Force Thandaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကား ၁ စီးမှာ တိုက်ခိုက်ခံရသည့် နေရာ၌ပင် ပျက်စီး ကျန်ရစ်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နေရာမှစ၍ သံတောင်မြို့အထိ သေနတ်များ ရမ်းကားပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် People Defence Force Thandaung အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။