အရေးပေါ် အခြေအနေ သက်တမ်း ၆ လ ထပ်တိုးမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောပြန်
ရန်ကုန်၊ ဇူလိုင် ၁၆
လူထုအစိုးရလက်ထဲမှ အာဏာလုယူထားသော အကြမ်းဖက်မင်းအောင်လှိုင်က အရေးပေါ် အခြေအနေ သက်တမ်း ၆ လထပ်တိုးမည်ဟု လေသံပစ် ပြောဆိုနေသည်ကို မြင်တွေ့ရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း အပြည့်အ၀ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ယခုနှစ်တွင် ဇူလိုင်လ ၁၁ ရက်နေ့အထိ ပေါက်ကွဲမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံး ၇၈၂ ဦးရှိကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
“အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေသေးဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အ၀ ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်သွားမည် ဆိုသည့်အချက်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များစွာရှိနေသေးဟု အကြမ်း ဖက်မင်းအောင်လှိုင်က ဆိုသည်။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် အခြေအနေ အဆိုးဆုံးဖြစ်နေပြီး လုံခြုံရေးအတွက် ယခုထက်ပိုမိုဆောင်ရွက်ကြရန်လိုအပ်သည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ၍ သက်တမ်း ၆ လစီတိုးပြီး နိုင်ငံကို အကြမ်းဖက် အုပ်ချုပ်မှုများ လုပ် ဆောင် နေခြင်းဖြစ်ပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အာဏာလုယူ ထားမှု သက်တမ်း ၂ နှစ်ခွဲပြည့်မည်ဖြစ်ကြောင်း သိရှိရသည်။