လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၂၇
ရှမ်း-ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လွိုင်လင်မြို့ အခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဝမ်ကုန်းကျေးရွာ အတွင်းရှိ နေအိမ် ၁ လုံးကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ နှင့် ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာရှိ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ထပ်မံ ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးသူငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။