30 C
Yangon

မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ပြတ်သားရတော့မည့် စင်ကာပူ

Must read

မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် ပြတ်သားရတော့မည့် စင်ကာပူ

ရန်ကုန်၊ ဩဂုတ် ၁

စင်ကာပူကုမ္ပဏီတွေကတဆင့် မြန်မာစစ်တပ်ထံ လက်နက်နဲ့ ဘဏ္ဍာငွေ ရရှိနေမှုတွေကို ပိတ်ဆို့ရမယ့်အချိန် ကျရောက်ပြီ ဖြစ်တာကြောင့် စင်ကာပူ အစိုးရအနေနဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ အမြန်ဆုံး ချမှတ်ဖို့ Justice For Myanmar (JFM) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

စင်ကာပူအစိုးရအနေနဲ့-မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ နည်းပညာတွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး လွှဲပြောင်းပေးနေတာတွေကို ရပ်တန့်ဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေ စတင်ဖို့ လိုအပ်တယ်လို့လည်း JFM ကတောင်းဆိုထားပါတယ်။

စင်ကာပူရဲ့ ဘဏ္ဍာရေးစနစ်အတွင်း မြန်မာစစ်အုပ်စုကွန်ရက်များ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ခြင်းအပြင်၊ စစ်အုပ်စုကို စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ နည်းပညာတွေ ပံ့ပိုးပေးနေတဲ့ စင်ကာပူ ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်တာပါ။

အာဏာသိမ်းဖို့ စတင်ကြိုးပမ်းစဥ်ကာလက စတင်ပြီး အကြမ်းဖက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် စစ်လက်နက်နဲ့ နည်းပညာ ရရှိရေး ကြိုးပမ်းရာမှာ စစ်အုပ်စုဟာ စင်ကာပူနိုင်ငံကို အားကိုးအားထား ပြုလာခဲ့ခြင်း ဖြစ်ပါတယ်။

အရက်ဘက် စစ်ဘက် မခွဲခြားပဲ ပစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ပြည်သူတွေကို မတရားဖမ်ဆီး ညှင်းပန်း နှိပ်စက်မှုတွေမှာ စစ်တပ်က အသုံးပြုနေတဲ့ လက်နက်၊ စက်ပစ္စည်းကိရိယာတွေကို စင်ကာပူကုမ္ပဏီတွေ ကတဆင့် ရရှိနေတယ်လို့ JFM ကဆိုတာပါ။

စင်ကာပူက ကုမ္ပဏီတွေအပါအဝင် မြန်မာစစ်အုပ်စုနဲ့ ခရိုနီ လုပ်ငန်းရှင်တွေဟာ စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိနေကြပြီး၊ ဒီလိုကိစ္စတွေမှာ နံမည်ကြီးသူတဦးကတော့ ထူးကုမ္ပဏီအုပ်စုရဲ့ ဥက္ကဌ တေဇ ပဲဖြစ်ပါတယ်။ တေဇဟာ စင်ကာပူ စီးပွားရေး လုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး စစ်အုပ်စုအတွက် လက်နက်တွေကို ယခင်ကတည်းက ထောက်ပံ့ပေးခဲ့တဲ့ လက်နက်ရာဇာတစ်ဦးပဲ ဖြစ်ပါတယ်။

ထူးအုပ်စုနဲ့ တေဇတို့ကို အမေရိကန်၊ ယူကေ၊ အီးယူနဲ့ ကနေဒါတို့က ပိတ်ဆို့အရေးယူထားဆဲ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ မြန်မာစစ်အုပ်စု အသုံးပြုတဲ့ Mi-17 ရဟတ်ယာဉ်တွေလို မြန်မာလေတပ် အတွက် Bell 206၊ Mi-2 နှင့် Mi-17 ရဟတ်ယာဉ်တွေအတွက် အစိတ်အပိုင်းတွေ ပံ့ပိုးတင်သွင်းတဲ့ Myanmar Chemical & Machinery (MCM) Group (MCM) Group ပါဝင်ပါတယ်။

ကလေးငယ်တွေ အပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်း တစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းတို့ကို တိုက်ခိုက်ခဲ့မှုမှာ အထက်ပါ ရဟတ်ယာဉ်တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အုပ်စုနဲ့ စင်ကာပူနိုင်ငံကြား စစ်လက်နက်ဝယ်ယူမှုတွေအတွက် အကျိုးအမြတ်ရရှိနေသူတွေထဲမှာ တေဇအပြင် (MCM) Group ဥက္ကဋ္ဌ အောင်လှိုင်ဦးနဲ့ International Gateways Group ပိုင်ရှင် နိုင်ထွဋ်အောင် တို့လည်း အမည်ဆိုးနဲ့ ကျော်ဇောပါတယ်။

လတ်တလော အဲ့ဒီ့ ၃ ဦးဟာ စင်ကာပူနိုင်ငံမှာ နေထိုင်လျှက်ရှိပြီး စစ်အုပ်စုရဲ့ လက်နက်ဝယ်ယူရေး ကွင်းဆက်ကို စင်ကာပူက ကုမ္ပဏီတွေနဲ့ ချိတ်ဆက် လုပ်ကိုင်ပေးနေပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီကို လက်နက်နဲ့ ပစ္စည်းကိရိယာတွေ ဆက်လက် ထောက်ပံ့ပေးနေတဲ့ စင်ကာပူစီးပွားရေး လုပ်ငန်း ၁၃၈ ခု ပါဝင်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။

“ စင်ကာပူဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ပါ၀င်ပတ်သက်နေမှုကို အဆုံးသတ်ဖို့လိုပါပြီ။ မြန်မာနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ အသုံးချမှု ဖြစ်နိုင်တယ်လို့ အကဲဖြတ်ခံထားရတဲ့ လက်နက်တွေလွှဲပြောင်းမှုနဲ့ နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းမှုတွေကို တားဆီးမယ်ဆိုတဲ့ စင်ကာပူရဲ့ ကတိကဝတ်နဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကို ချိုးဖောက်နိုင်တဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမယ် ဆိုတဲ့အပေါ် ကျွန်ုပ်တို့ ကြိုဆိုပါတယ် “လို့ အထူးကိုယ်စားလှယ်က ဆိုပါတယ်။

စင်ကာပူဘက်က လတ်တလောမှာ အဲ့ဒီ့ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပေးမယ် ဆိုပေမယ့်လည်း အခုထက်ပိုမိုပြီး အရှိန်မြှင့်လုပ်ဆောင် စစ်ဆေးမှုတွေနဲ့ အရေးယူမှုတွေ တစ်ပါတည်း လုပ်ဆောင်ပေးဖို့ JFM အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေက စင်ကာပူ အစိုးရကို တောင်းဆိုထားပြီး ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးတတ်နိုင်ရေး စင်ကာပူအစိုးရအနေနဲ့ အဖိနှိပ်ခံ မြန်မာပြည်သူ တွေဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း JFM က တိုက်တွန်း တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article