မူဆယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရမိ
ရန်ကုန်၊ သြဂုတ် ၃
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၀ ဦးသေဆုံးကာ သေနတ် ၂ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ မူဆယ်မြို့နယ်၊ နားထမ်နှင့် ဂေါင်ရာကျေးရွာ အနီး အကြမ်းဖက် စစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ ခမရ- ၄၂၀ ၊ စကခ ၂ ခလရ – ၂၆၁၊ ၄၂၁ နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ရှိရာကို ထိုးစစ်ဆင်လာရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ RPG ၁ လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 ၁ လက်၊ AK-81 ၁ လက်၊ ၆၀ မမ ထောင့် ၁ ခု ၊ ၈၁ မမ ထောင့် ၁ ခု၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် ၁ လက်၊ ကျည်ဆံ ၅၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ စုစုပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ဘက်မှ ၂၅ ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။


