ရန်ကုန်၊ မတ် ၁၄
ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် ‘အောင်ပန်း မင်းအောင်လှိုင်’ ဟု နာမည်ကြီးနေသည့် ဒလန် မောင်ကျော် ယမန်နေ့ မတ်လ ၁၃ ရက် ညတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
အောင်ပန်းမြို့၊ ပင်စိမ်းလက်ဖက်ရည်ဆိုင်အနီးတွင် လမ်းလျှောက်လာသော အောင်ပန်းမင်းအောင်လှိုင် (ခေါ်) ဒလန်မောင်ကျော်သည် နေအိမ်သို လမ်းလျှောက်ပြန်နေစဉ် ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်းဆင်း ဒလန်ဟု သတ်မှတ်ခံထားရသူ မွတ်တားကို ယနေ့ မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် Mandalay Youth Special Force – MYSF က ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။
“ဒလန် မွတ်တားက ဇီးအုပ်ရွာမကြီးထဲမှာနေတာ၊ ဒီမနက် ရွာအဝင်လမ်းမှာ ရှင်းလင်းလိုက်တာပါ၊ အခုကတော့ စစ်ခွေးတွေ ရောက်လာပြီ၊ အနီးဝန်းကျင်ကို လိုက်စစ်နေတယ်လို့ သိရတယ်” ဟု MYSF အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒလန် မွတ်တားသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းကာ အပြစ်မဲ့ပြည်သူများကို အိမ်ခြေယာမဲ့လုပ်ရန် ကြံစည်နေခြင်းကြောင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း MYSF က သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – ပုသိမ်ကြီးရှိ ပျူစောထီးသင်တန်းဆင်း ဒလန်မွတ်တား ရှင်းလင်းခံရစဉ်