ဖားကန့်မြို့နယ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေ
ရန်ကုန်၊ ဩဂုတ် ၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ် များနှင့် KIA တပ်များအကြား တိုက်ပွဲ အကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေကြောင်း ဖားကန့်မြို့ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်မှစတင်၍ ဖားကန့်မြို့နယ်၊ နမ့်မှော်ဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်သံများကြားရကြောင်း၊ လက်ရှိအချိန်အထိ ပစ်ခတ်သံများ မရပ်သေးဘဲ ဆက်တိုက်ကြားနေရကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။
“မနက် ၅ နာရီခွဲ ကတည်းက ပစ်နေကြတာ။ ဆက်တိုက် လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော တညံညံပဲ” ဟု ဖားကန့်မြို့ဒေသပြည်သူတစ်ဦးက ဆိုသည်။
ဖားကန့်မြို့နယ်၊ မမုံစံပြကျေးရွာမှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက်အစောပိုင်းမှ လက်ရှိအချိန်အထိ ပစ်ခတ်သံများကြားနေရသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်ဟုဆိုသည်။
“ဘယ်ကနေ ဘယ်ပစ်တာလည်းတော့ အတိအကျမသိသေးဘူး။ ခေါင်းပေါ်ကနေ လက်နက်ကြီးကျည် ကျော်ကျော် သွားတယ်။မနက်မလင်းခင်ကတည်းက ကြားနေရတယ်။အခုချိန်ထိပဲ။ ကျနော်တို့ဆီကနေ ဖားကန့်ကို ၁၅ မိနစ်၊ မိနစ် ၂၀ ပဲသွားရတယ်။ လက်နက်ကြီးသံကလည်း မှော်ဘက်ကနေလာနေတာ” ဟု မမုံစံပြကျေးရွာသားတစ်ဦးက ရှင်းပြသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ၊ PDF တပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်က အထိနာတိုင်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်း တိုက်ခိုက် မှုများ လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။