ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာရေးတာဝန်ခံက ရန်ကုန် ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း(ပျူ)စခန်းသို့ ရောက်ရှိနေ သော အကြမ်းဖက်စစ်သားများမှ အရှေ့ဘက်သို့ ထွက်ခွာလာစဉ် ကျေးနင်းကျေးရွာနှင့် ကြောင်သန်း ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့် တွင် ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အင်အားက ၈၀ ကျော်လောက်နဲ့ဇီးဖြူကုန်းပျူရွာကနေ ထွက်လာတာဗျ၊ အားလုံးပိတ်ဆို့တိုက်ခိုက်တဲ့ အချိန်မှာ ထွက်ပေါက်မရှိတဲ့အတွက် လေကြောင်းပစ်ကူခေါ်တဲ့အချိန်မှာ ဂျက်ဖိုက်တာနဲ့လာပြီးတော့ ဗုံးကျဲတိုက်ခိုက်တာ၊ ပစ်ခတ်တာတွေလုပ်တာဗျ၊ စစ်ခွေးတွေဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိတယ် လို့တော့ ယူဆရပါ တယ်၊” ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လူသားစာနာရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပုလဲမြို့နယ်အခြေစိုက် ပကဖ တပ်ဖွဲ့များ၊ တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံ LPDF များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်သားများမှ အရပ်ဝတ်များဖြင့် ကျေးနင်းကျေးရွာအတွင်းသို့ ဝင် ရောက်သွားကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ငှက်ပျောတောကျေးရွာ၊ ခေါ်သန္တီကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ ဆင်ရှင်ကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ ကျေးနင်းကျေးရွာ၊ သေတ္တရာ ကျေးရွာများရှိ ပြည်သူ ၃၀၀၀ ခန့် အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ထိုသို့ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များကို သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖများ၊ အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ပြည်သူများနှင့်အတူ နေရာထိုင်ခင်းများ စီစဉ် ပေးခြင်း အစားအသောက်များ ကျွေးမွေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ်စစ်ကြောင်းရှိနေသဖြင့် ပုလဲမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အသွား၊ အလာ၊ အနေ အထိုင် အထူးသတိထားကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။