လွိုင်ကော်မြို့အနီး တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်သုံးကား ၁ စီးပျက်စီး
ရန်ကုန်၊ သြဂုတ် ၁၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်သုံးကား ၁ စီး ပျက်စီးခဲ့ကြောင်း KNDF Battalion-14 သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။
သြဂုတ်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့ပတ်လမ်း၊ နမ့်ကွန်ရေစီးကွေ့ တစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်လာသောကြောင့် ကရင်နီ ပူးပေါင်းတပ်များနှင့် အနီးကပ်ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ယာဥ်တန်းများက လွိုင်ကော်မြို့ အနီး ကွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် KA၊ KNDF ဗျူဟာအမှတ် ၂ တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သုံးကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်မြို့အတွင်းသို့ အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းမှုများမှ တဆင့် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းကြောင့် ပြည်သူများအနေဖြင့် အစဉ်သတိရှိစွာ သွားလာနေထိုင်ကြရန် KNDF Battalion-14 သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။