26 C
Yangon

အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေ ရောက်နေပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေ ရောက်နေပြီဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

■ NUG အနေဖြင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်နှင့်စစ်တပ် ထိုးစစ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများကို ကယ်ဆယ်ရေး လုပ်ဆောင်ရန် မှာကြား

ရန်ကုန်၊ ဩဂုတ် ၁၆

အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၅ ရက်နေ့ တွင် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် လုံး၀ ပြိုလဲလုနီးပါးဖြစ်နေပြီး ထိန်းမရ သိမ်းမရ ဖြစ်လာချိန်တွင် တော်လှန်ရေးအဖွဲ့များ အင်အားယုတ်လျှော့စေရန် စိတ်ဓာတ်စစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာကြောင်း ယာယီသမ္မတက ပြောဆိုသည်။

“ကျွန်တော့် အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို အလေးအနက်ထား တိုက်တွန်းချင်တာကတော့ ဒီအချိန်မှာ မိမိတို့အားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရ သိမ်းမရ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီလိုဖြစ်လာတော့ တဖက်က မိမိတို့ တော်လှန်ရေးအဖွဲ့ကို အားယုတ်လျော့သွားအောင် စိတ်ဓာတ်စစ်ဆင်ရေးပိုမိုလုပ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ညီညွတ်မှုပျက်ပြားအောင် Local PDF နဲ့ PDF တွေကြား သွေးကွဲမှုတွေလုပ်ဆောင်လာတာ တွေ့ရပါတယ်။ NUG အစိုးရနဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင်အကွက်ဆင်လုပ်ဆောင်လာနေတာရှိနေပါတယ်။ နောက်ပြီးမှ NUG အစိုးရအတွင်း ဝန်ကြီးများအကြား အချင်းချင်းနားလည်မှုမရှိအောင် လုပ်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှကို အဆုံးသတ်ဖျက်သိမ်းရေး၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတို့ကို မျက်ခြေမပြတ် တစိုက်မတ်မတ် လုပ်ဆောင်ဖို့လိုပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ကြောင့် တော်လှန်ရေးတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု အပြည့်တည်ဆောက်ပြီး ခွင့်လွှတ်မှုများဖြင့် စစ်ကောင်စီ၏ သွေးခွဲမှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သမ္မတက တိုက်တွန်းပြောဆိုသည်။

“ထိုသို့လုပ်ဆောင်ရာတွင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့တည်း နားလည်မှုအပြည့်ရှိအောင် တည်ဆောက် ရမှာ ဖြစ်ပါတယ်။ အချင်းချင်းလုပ်ဆောင်မှုတွေမှာ လိုက်လျောညီထွေမှုရှိဖို့ စိတ်ရှည်သည်းခံကြဖို့ ကိုယ်ချင်းစာနာတရားအပြည့်အဝရှိဖို့ ခွင့်လွှတ်တတ်ဖို့လည်း လိုပါတယ်။ အဲ့လိုလုပ်ဆောင်မှု သာလျှင် တော်လှန်ရေးမှာ စစ်ကောင်စီရဲ့ ထိုးနှက်မှုကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်” ဟု သမ္မတက တိုက်တွန်းပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ရန်နှင့် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဒုက္ခခံစားနေရသည့် ပြည်သူလူထုကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတက မှာကြားပြောဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article