27 C
Yangon

မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်-အရပ်ဘက် ပစ္စည်း၊ နည်းပညာ ရောင်းချမှုများ ရပ်တန့်ရန်နှင့် စစ်အုပ်စုကို ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့် မပြုရန် အရပ်ဖက် အဖွဲ့အစည်း ၂၀၀ က စင်ကာပူ အစိုးရထံ တောင်းဆို

Must read

မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်-အရပ်ဘက် ပစ္စည်း၊ နည်းပညာ ရောင်းချမှုများ ရပ်တန့်ရန်နှင့် စစ်အုပ်စုကို ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့် မပြုရန် အရပ်ဖက် အဖွဲ့အစည်း ၂၀၀ က စင်ကာပူ အစိုးရထံ တောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၃

အကြမ်းဖက် မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်-အရပ်ဘက် ပစ္စည်း၊ နည်းပညာ ရောင်းချများ ရပ်တန့်ရန်နှင့် စစ်အုပ်စုကို ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့် မပြုရန် အရပ်ဖက် အဖွဲ့အစည်း ၂၀၀ က စင်ကာပူ အစိုးရထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအပါအဝင် ပြည်တွင်းနှင့် ပြည်ပရှိ မြန်မာအရပ်ဖက်အဖွဲ့ အစည်း စုစုပေါင်း ၂၀၀ က စင်ကာပူအစိုးရထံအိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် အချိန်မှစ၍ အကြမ်းဖက် စစ်တပ်သည် လူပေါင်း ၃၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၃၀၀၀ ကျော် ဖမ်းဆီးခဲ့​ပြီး ပြည်သူ ၁.၆ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကာ အကြမ်းဖက် စစ်တပ်က နေအိမ်​ ၇၀၀၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို လက်နက်များသဖွယ် အသုံးချပြီး ပြည်သူအများ စားနပ်ရိက္ခာ၊ ရေနှင့် အခြေခံလိုအပ်ချက်များ မရရှိအောင် ပိတ်ဆို့မှုများပြုလုပ်ခဲ့​သည်။

အကြမ်းဖက် စစ်တပ်က စာသင် ကျောင်းများနှင့် ဆေးရုံများကိုပင် တိုက်ခိုက်ခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အရပ်ဘက် စစ်ဘက် ခွဲခြားမှု မရှိသော လေကြောင်း တိုက်ခိုက်မှု ၃၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ စင်္ကာပူ အပါအဝင် နိုင်ငံများစွာသည် မြန်မာစစ်တပ်အား လက်နက်များ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများ လွှဲပြောင်း ရောင်းချမှု၊ ထိုနိုင်ငံများ၏ ဘဏ်စနစ်များကို ဆက်လက် အသုံးပြုခြင်းကို ဆက်လက် ခွင့်ပြုခြင်း သို့မဟုတ် တားဆီးရန် ပျက်ကွက်ခြင်းတို့ကြောင့် အာဏာသိမ်း စစ်အုပ်စုသည် အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများကို ဆက် လက် ကျူးလွန်နိုင်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း အစီရင်ခံစာ အများအပြား တွင် စင်ကာပူနိုင်ငံသည် မြန်မာစစ်တပ်ကို အသုံးပြုရန် ရည်ရွယ်သော အထူးသဖြင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာအပါအဝင် မြောက်များစွာသော အရာဝတ္ထုများ လွှဲပြောင်း ရောင်းချခြင်းအတွက် အဓိက စီရင်ပိုင်ခွင့်နိုင်ငံ ဖြစ်သည်ဟူသော အချက် အပေါ် စိုးရိမ်ရ​ကြောင်း ဖော်ပြခဲ့ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့် အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူ၏ ၂၀၂၃ ခုနှစ်၊ မေလထုတ် အစီရင်ခံစာတွင် မြန်မာစစ်တပ်အတွက် ကြားခံများအဖြစ် လုပ်ဆောင်ခဲ့သည့် စင်္ကာပူအခြေစိုက် ကုမ္ပဏီ အနည်းဆုံး ၁၃၈ ခုကို ဖော်ထုတ်ခဲ့ပြီး ယင်းကုမ္ပဏီများသည် အမေရိကန် ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသို့ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလနှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း မည်သို့ တင်သွင်းခဲ့ကြောင်း မီးမောင်းထိုးပြခဲ့ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး၏ အစီရင်ခံစာတွင် စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်များ၊ နည်းပညာများ၊ စစ်ဖက်အရပ်ဖက်သုံးပစ္စည်းများနှင့် ကပစ စက်ရုံတွင် စစ်လက်နက်များထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများအား ရောင်းချနေသော တတိယမြောက်အကြီးဆုံးနိုင်ငံဖြစ်​သည်ဟု ဖော်ပြာထားကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် စင်ကာပူနိုင်ငံ၏ဘဏ္ဍာရေးစနစ်များကို ကောင်းစွာအသုံးပြုခွင့်ရနေပြီး စင်ကာပူအစိုးရသည် စင်ကာပူနိုင်ငံမှတစ်ဆင့် အကြမ်းဖက် စစ်တပ်ထံ စစ်လက်နက်များ ရောင်းချနေခြင်းနှင့် စင်ကာပူဘဏ္ဍာရေးစနစ်များသုံးစွဲနေခြင်းအားပိတ်ဆို့ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်တပ်သည် ယနေ့အထိ စစ်ရာဇဝတ်မှုများအား စဉ်ဆက်မပျက်ကျူးလွန်နေနိုင်ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့​ကြောင့် မြန်မာ အရပ်ဖက် အဖွဲ့အစည်း ၂၀၀ က စင်ကာပူနိုင်ငံမှတဆင့်အကြမ်းဖက်စစ်အုပ်စုထံသို့လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချနေခြင်းတို့တွင် ပါဝင်ပတ်သက်သော စင်ကာပူအခြေစိုက် ကုမ္ပဏီများအား ပွင့်လင်းမြင်သာမှုရှိရှိဖြင့်မြန်ဆန်စွာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်၊ စင်ကာပူနိုင်ငံမှတဆင့်အကြမ်းဖက်စစ်အုပ်စုသို့လက်နက်များ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရောင်းချနေခြင်းကို ချက်ခြင်း ရပ်တန့်ရန် နှင့် မြန်မာစစ်အုပ်စုမှ စင်ကာပူဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်အသုံးပြုခွင့်ကို ချက်ခြင်းပိတ်ဆို့ရန် စသည့် အချက် ၃ ချက်ကို စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article