နိုင်ငံအနှံ့ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက အရှုံးနှင့် ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်တွင် PDF အလံစိုက်ထူမည်ဟု NUG ဒုအတွင်းဝန် ပြောဆို
ရန်ကုန်၊ ဩဂုတ် ၂၉
မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီက အရှုံးနှင့် ရင်ဆိုင်နေရပြီး မကြာမီ နေပြည်တော်တွင် PDF အလံစိုက်ထူမည်ဟု NUG ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်ပတ်တစ်ကြိမ် ပြည်သူလူထုထံသို့ အပတ်စဉ် တင်ပြနေသည့် နွေဦးတော်လှန်ရေး ပြည်သူ့အောင်ပွဲများ အစီအစဉ်တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာအနီး နမ့်ဆမ်ယန်ဒေသကို စစ်ကောင်စီက လွန်ခဲ့သည့် ၂ လနီးပါးကာလကတည်းက တိုက်ခိုက်ခဲ့သော်လည်း ထိုးစစ်တိုင်း လန်ကျပြီး စစ်သားနှင့်အရာရှိ အများအပြား ကျဆုံးနေကြောင်း၊ စစ်တပ်က ထိပ်တန်းစစ်အရာရှိများကို ဖမ်းဆီးချုပ်နှောင်အရေးယူရသည့်အပြင် တပ်ရင်းတပ်ဖွဲ့များ၏ တပ်ရင်းမှူးများကလည်း စစ်တိုက်ရန် ငြင်းဆန်လာကြောင်း ပြောဆိုသည်။
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့က ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ် လိုင်ဇာအနီးက နမ်ဆမ်ယန်ဒေသကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဒီနေ့နဲ့ ဆိုရင်တော့ ၂ လနီးပါး အခြေအနေကို ရောက်နေပါပြီ။ အဲဒီ ၂ လနီးပါးအတွင်းမှာ ထိုးစစ်တိုင်း လန်ပြီးတော့ အရာရှိစစ်သည်အမြောက်အမြားလည်း ကျဆုံးနေတယ်ဆိုတာကို ကျွန်တော်တို့ ပြည်သူလူထုတွေ သိရှိပြီးဖြစ်ပါတယ်။ အဲဒီလို ကျဆုံးတဲ့အတွက် အဲဒီ နမ်ဆန်ယန်ဒေသကို ထိုးစစ်ဆင်ဖို့ အမိန့်ပေးဖို့ ငြင်းဆန်တဲ့ တပ်ရင်းမှူးတွေဆိုရင်လည်း အခုဆိုရင် ၅ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။ တပ်မ ၁၁ လက်အောက်ခံဖြစ်တဲ့ ခလရ ၁၂ ၊ ခလရ ၁၃ ၊ ခမရ ၄၁၁ ၊ ခလရ ၃၇ ၊ ခမရ ၃၈၇ စတဲ့ တပ်က တပ်ရင်းမှူးတွေက နမ်ဆမ်ယံဒေသကို တိုက်ခိုက်ဖို့အတွက်ကို ငြင်းဆန်လို့ အခုဆိုလို့ရှိရင် ဗန်းမော်မှာရှိတဲ့ စခခ ၂၁ မှာ ဖမ်းဆီးထိန်းသိမ်းပြီးတော့ စစ်ဆေးခြင်းတွေကို ခံနေရပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကိုရော အိမ်တွေကိုပါ ချိတ်ပိတ်ပြီးတော့ ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာကိုလည်း သိရှိရပါတယ်။ အဲဒီလိုပါပဲ ပြီးခဲ့တဲ့ လအတွင်းမှာပါပဲ၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် နဲ့ အပေါင်းအပါတွေ အဲဒီအပေါင်းအပါတွေ ထဲမှာဆိုရင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည် ၊အောင်ကြည်ဝင်း၊ ပြီးတော့ ဒုတပ်ရင်းမှူး အောင်နိုင်ဦး ၊ ပြီးတော့ တပ်မ ၃၃ ၊ တပ်မမှူး ကိုကိုလွင် ၊ ပြီးတော့ တပ်မ ၈၈ တပ်မမှူးနဲ့ ဗိုလ်မှူး ၂ ယောက် စတဲ့ အပေါင်းအပါတွေကိုပါ နေပြည်တော်ကနေ ဖမ်းဆီးခေါ်ဆောင်ပြီးတော့ စစ်ဆေးနေတယ်ဆိုတာတွေကို သိရှိရပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ က ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်အနေဖြင့် ရှုံးနိမ့်မှုများ ကြုံလာတိုင်း ဖြုတ်ထုတ်သတ် လမ်းစဉ် ကို လုပ်ဆောင်နေကြောင်း၊ စစ်ရေးအရ ရှုံးနိမ်နေသည့်အပြင် အမိန့် ပေးကွပ်ကွဲမှု စနစ်လည်း ပျက်ယွင်းနေကြောင်း၊ ထို့ကြောင့် စစ်သားအများအပြား စစ်တပ်မှ စွန့်ခွာနေကြောင်း ပြောဆိုသည်။
” စကစ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ရဲ့ လေချုပ်ဖြစ်တဲ့ မောင်မောင်ကျော်က စပြီးတော့ ဝန်ကြီးတွေ ဒုဝန်ကြီးတွေ ရဲချုပ်အပါအဝင် သူတို့ရဲ့ လက်အောက်ခံတွေကို စိတ်မလိုမကျတိုင်း စစ်ရေးမှာ ရှုံးနိမ့်လာတိုင်းကို ခဏခဏ ဖြုတ်ထုတ်သတ်လမ်းစဉ်ကို လုပ်နေတာ၊ ဖမ်းဆီးပြီးတော့ ထောင်ချတာတွေ မိသားစုဝင်အားလုံကိုပါ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ ထိန်းသိမ်းတာတွေကိုလည်း ခပ်စိတ်စိတ်လုပ်နေတာတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါက ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် ဒုတိယကမ္ဘာစစ်ကြီး စစ်ရှုံးခါနီးမှာ အာဏာရှင် နာဇီဟစ်တလာက သူ့ရဲ့ ဗိုလ်ချုပ်ကြီးတွေ တော်တော်များများကို ဖြုတ်ထုတ်သတ် လမ်းစဉ် လုပ်တယ်၊ ဖမ်းဆီးတယ်၊ သတ်ဖြတ်တဲ့ လုပ်ငန်းစဉ်ကို လုပ်တာနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ကတော့ ဟစ်တလာထက်တောင် ဆိုးတဲ့ ပုံစံမျိုး ဟစ်တလာထက် ဆိုးတဲ့ အမိန့်ပေးစနစ် ပျက်ယွင်းမှုမျိုးနဲ့ ကြုံတွေ့နေရပြီဆိုတာကို ကျွန်တော်လည်း ထပ်လောင်းပြီးတော့ ပြောချင်ပါတယ်။ စစ်ရေးအရှိန်မြင့်လာတာနဲ့ အမျှ သူတို့ရဲ့ အထဲမှာ အမိန့်ပေးစနစ် ကွပ်ကဲမှုစနစ်ပျက်ယွင်းလာတာနဲ့ အမျှ ပြည်သူ့ရင်ခွင်ကို ခိုလုံလာတဲ့ အရာရှိ အကြပ်စစ်သည်တွေကလည်း အမြောက်အမြားဆက်ပြီးတော့ ဝင်ရောက်လောတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၄ လပိုင်းကနေ ၇ လပိုင်းအထိဆိုရင် အရာရှိ စစ်သည် စုစုပေါင်း ၅၀၀ ကျော်လောက်အထိ ပြည်သူ့ရင်ခွင်ကို ခိုလုံပြီးတော့ ဝင်ရောက်လာပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆိုသည်။
ကရင်နီပြည်နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက အောင်ပွဲခံနေကြောင်း ၊ လက်နက်ခဲယမ်းအမြောက်အမြားကို တိုက်ပွဲတိုင်း သိမ်းပိုက်ရရှိနေကြောင်း ပြောဆိုသည်။
“ဗဟိုအမိန့်ပေးစနစ်၊ အဆင့်ဆင့်သော အမိန့်ပေးစနစ်တွေမှာ တပ်ပျက်နေသလို စစ်မြေပြင်မှာလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက တပ်ပျက်လျက်ရှိပါတယ်။ တပ်ရင်းမှူးတွေ စစ်ကြောင်းမှူးတွေပါ ဒီနေ့ ဒီအချိန်မှာ ခြေမှုန်းခြင်းခံနေရသလို နည်းဗျူဟာအဆင့် ၊ တပ်ရင်းအဆင့် လက်နက်ကြီးတွေ ဖြစ်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေ ၈၀ မမ မော်တာတွေ ပွိုင့် 5 စက်သေနတ်ကျည်တွေကို တိုက်ပွဲတွေမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေ မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်ရရှိနေပြီ ဖြစ်ပါတယ်။ မယ့်စဲနဲ့ ဘော်လခဲ တိုက်ပွဲတွေမှာ ၁၂၀ မမ လက်နက်ကြီး ၄ လက်၊ ပြီးတော့ အဲဒီ လက်နက်ကြီး ကျည်တွေကို ဂိုထောင်အလိုက် အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။ အဲဒီလိုပါပဲ ရှားတောမှာဆိုရင်လည်း လက်နက်ဂိုထောင်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီလိုပါပဲ ဖားဆောင်းတိုက်ပွဲမှာဆိုရင်လည်း လက်နက်ငယ် ကျည်ခဲ မီးတောက် အမြောက် အမြားကို ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေ ၊ မဟာမိတ်အဖွဲ့ အင်အားစုတွေက သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး လေယာဉ်ပစ် လက်နက်ကြီးများ သိမ်းဆည်းရရှိနေကြောင်း ၊ ဖလမ်းမြို့ တိုက်ပွဲတွင် ခလရ ၂၆၈ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာအဆင့် လက်နက်ကြီးများကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရှိရသည်။
” ချင်းပြည်နယ်မှာဆိုရင်လည်း ဖလမ်းမြို့နယ်က ခလရ ၂၆၈ ဌာနချုပ်ကို ချင်းတော်လှန်ရေး အင်အာစုတွေ တပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အခါကျတော့ လေယာဉ်ပစ်လက်နက်ကြီးဖြစ်တဲ့ ပွိုင့် 5 ရယ်၊ ပွိုင့် 5 ကျည် အမြောက်အမြားကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ ကျွန်တာ်တို့က တပ်စုတွေ တပ်စိတ်တွေကိုသာ မကဘူး၊တပ်ရင်းတွေ ဗျူဟာအဆင့်တွေကိုပါ တိုက်ခိုက်ပြီးတော့ တပ်ရင်းအဆင့် ဗျူဟာအဆင့် လက်နက်ကြီးတွေကိုပါ သိမ်းပိုက်ရရှိနိုင်နေပြီ။ အဲဒီ လက်နက်တွေနဲ့ပဲ ရန်သူ့လက်နက် ကိုယ့်လက်နက် ကိုယ့်လက်နက်လုပ်ပြီး စစ်ကောင်စီကို ပြန်လည် တွန်းလှန်တိုက်ခိုက်ချေမှုန်းနိုင်နေပြီဆိုတာကိုလည်း ကျွန်တော်တို့ ပြည်သူလူထုကိုလည်း ထပ်လောင်းပြီးတော့ တင်ပြလိုပါတယ်” ဟု ဦးမောင်မောင်ဆွေက ဆက်လက် ပြောဆိုသည်။
နေပြည်တော် အနီးအနား ၂၅ မိုင်အကွာ ဘိုမသံတောင် စစ်စခန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး များမကြာမီ နေပြည်တော်တွင် PDF အလံစိုက်ထူနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်သည် စစ်သင်္ချိုင်းဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“လမ်းများအားလုံးနေပြည်တော်သို့ ဆိုတဲ့အတိုင်း အခုဆိုရင် နေပြည်တော် အနီးအနား တစ်ဝိုက်အထိကို အသီးသီးထိုးဖောက်ဝင်ရောက်နေရာယူပြီးတော့ တိုက်ပွဲတွေကို အောင်အောင်မြင်မြင်ဖော်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ နေပြီတော်နဲ့ နီးတဲ့ တောင်ငူခရိုင်ထဲက ဒေသတော်တော်များများ သံတောင် ဘိုးမတို့မှာ တိုက်ပွဲတွေ ဖော်ဆောင်ပြီးတော့ ချေမှုန်းတိုက်ခိုက်နိုင်နေသလိုပဲ ရန်ကုန် မန္တလေး လမ်းဟောင်းဘက် ရေတာရှည် ညောင်လေးပင် အဲဒီဘက်တွေမှာလည်း ကျွန်တော်တို့က အောင်အောင်မြင်မြင်နဲ့ နယ်မြေစိုးမိုးရေး ကိစ္စတွေကို စတင်ပြီးတော့ ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ နေပြည်တော် တပ်ကုန်းနဲ့ ရမည်းသင်း ကြားထဲမှာလည်း စစ်ကောင်စီလက်အောက်ခံတပ်သားတွေကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်အင်အားစုတွေက ချေမှုန်းတိုက်ခိုက် သုတ်သင်နိုင်နေပြီဖြစ်ပါတယ်။ နေပြည်တော်နဲ့ နောက်ဆုံး သူတို့ အိမ်တံခါးနဲ့ ၂၅ မိုင်၊ အဖြောင့်အတိုင်း ၂၅ မိုင်လောက်ပဲ ဝေးတဲ့ ဘိုးမ သံတောင်သလို တောင်ပေါ်ဒေသနေရာလေးတွေ မှာတောင် အခုဆိုရင်တော့ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်အတွင်းမှာ တိုက်ပွဲတွေ ၇ ကြိမ်လောက် ဖြစ်ပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ ပြီးတော့ လက်နက်အမြောက်အမြား သိမ်းဆည်းရရှိခဲ့တာတွေ သူတို့ရဲ့ အင်အားတွေကို ကျွန်တော်တို့က ချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်။ မဝေးတော့တဲ့ ကာလမှာ နေပြည်တော်သည် စစ်အာဏာရှင်တွေနဲ့ စစ်တပ်ကြီးစိုးရေးဝါဒရဲ့ မြေမြှုပ်သင်္ဂြိုဟ်ရာ နေရာဖြစ်ရမယ်၊ မဝေးတော့တဲ့ ကာလမှာ နေပြည်တော်ဟာ စစ်အာဏာရှင်တွေရဲ့ နောက်ဆုံး သင်္ချိုင်းဖြစ်ရမယ်လို့ ဒါ ပြည်သူလူထုကို တင်ပြလိုက်ပါတယ်” ဟု ဦးမောင်မောင်ဆွေက နိဂုံးချုပ် ပြောဆိုသွားသည်။