စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို ဝင်ရောက် တိုက်ခိုက်မှု စခန်းမှူး အပါအဝင် ၃ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၆
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို ဝင်ရောက် တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ၃ ဦးသေဆုံးကြောင်း မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရဲကင်းကို တော်လှန်ရေး တပ်ဖွဲ့များက RPG-2 ဖြင့် ပစ်ခတ်ခဲ့ရာ ရဲကင်းစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ကာ Padaing ၄ လုံး၊ ထောက်တွဲ ၄၀ မမ ၃ လုံးဖြင့်
ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဘက်မှလည်း ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ရွှေပြည်ရဲကင်းသည် မန္တလေး-မိုးကုတ် ကားလမ်းမပေါ်တွင် တည်ရှိပြီး ထုံးကြီးရဲကင်းနှင့် ၃ မိုင်ခန့်၊ လက်ပန်လှရဲကင်းနှင့် ၇ မိုင်ခန့်သာဝေးကွာ သည့်အတွက် တိုက်ပွဲ ဖြစ်ပွားချိန် ၁၅ မိနစ်ခန့် အကြာတွင် စစ်ကူများလျင်မြန်စွာ ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
” ပကဖ အဖွဲ့က အတည်ပြုထားတာတော့ အကြမ်းဖက် စစ်ကောင်စီဘက်က စခန်းမှူး အပါ အဝင် ၃ ဦးသေဆုံးတယ်လို့သိရတယ်” ဟု မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စခန်းမှူး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းရဲကင်းစခန်းကို မိုးကုတ်ဗျူဟာ အမှတ် ၁၂၂၂ တပ်ရင်း၊ စစ်ဒေသ ၁ တပ်ရင်းတစ်ခုနှင့် စဥ့်ကူးမြို့နယ် (ပ.က.ဖ) တို့ကပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။