ဗမာ့ အမျိုးသား တော်လှန်ရေးတပ်မတော် – BNRA သည် NUG လက်အောက် မှ နေ၍ ပြည်သူလူထုဘက်မှ ရပ်တည်ရန် စုပေါင်း ဖွဲ့စည်းဟု ဗိုလ်နဂါးပြော
ရန်ကုန်၊ စက်တင်ဘာလ ၉
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို ဖွဲ့စည်းခြင်းမှာ သီးခြား တစ်စင်ထောင်ခြင်းမဟုတ်ဘဲ NUG အစိုးရလက်အောက်မှ နေ၍ ပြည်သူလူထု ဘက်မှ မားမားမတ်မတ်ရည်တည်သွားနိုင်ရန် ရည် ရွယ်ဖွဲ့ စည်းလိုက်ခြင်းဖြစ် ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA ခေါင်း ဆောင်၊ BNRA စစ်ဦးစီး ချုပ် ဗိုလ်နဂါးက ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို ဖွဲ့စည်းခြင်း နှင့်ပတ်သက်၍ မီဒီယာများထံသို့ Video Clip ဖြင့်ပေးပို့သော Video ဖိုင်မှတဆင့် ၎င်းက ထည်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို ဖွဲ့စည်းရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ၊ ကာ ကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်တို့အပြင် ကာကွယ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများနှင့် လူချင်းတွေ့ကာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်ကြောင်း၊ MRDAထံ နောက်ထပ် ပူးပေါင်းလာမည့်အဖွဲ့များနှင့် COC စနစ်တကျတည်ဆောက်ကာ NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေကို ရှေ့ကပေါက်ဖွားလာတဲ့ စစ်တပ်ကြီးလို နိုင်ငံ ရေးမှာ လမ်းကြောင်းမှားမသွားဖို့ နိုင်ငံရေးသစ္စာပျက်ယွင်းပြီးတော့ ဖောက်ပြန်မသွားဖို့ ကျနော်တို့ တပ်ဖွဲ့၊ တော်လှန်ရေးတပ်သားတွေကို စစ်ရေးအသိ ၊ နိုင်ငံရေးအသိ အမြင်အတွေးအခေါ်တွေ ၊ စစ်ရေး အရည်အချင်း၊ နိုင်ငံရေးအရည်အချင်းတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပြီးတော့ တိုက်ပွဲဝင် သွား နိုင်ဖို့ နောက်တစ်ခုက ကျနော်တို့ တော်လှန်ရေးကာလ မှာရော ၊တော်လှန်ရေး အလွန်ကာလ ပြန်လည် ထူထောင်ရေးကာလမှာဖြစ်ပေါ် လာနိုင်တဲ့ လက်နက်ကိုင်တွေရဲ့စစ်ရာဇဝတ်မှုတွေကို လည်း ကြိုတင် ဟန့်တားနိုင်ဖို့ နောက်တစ်ခုက ကျနော်တို့ ခေတ်ပျက်ကာလလို့ ပြောမှာပေါ့ဗျာ၊ မတည်ငြိမ်သေးတဲ့ နိုင်ငံရေးကာလ ၊ တော်လှန်ရေးကာလမှာ ပြည်သူတွေကို ဟိုအဖွဲ့က အနိုင်ကျင့်လိုက်၊ ဒီအဖွဲ့က အနိုင် ကျင့် လိုက် ပြည်သူတွေမှာ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်း မသိ ၊ ဘယ်သူ့ကို အဖေခေါ်လို့ ခေါ် ရမှန်းမသိတဲ့ အခြေအနေတွေမှာ ပြည်သူ့ ရှေ့က ရဲရဲဝံ့ဝံ့ မားမားမတ်မတ်ရပ်ပြီးတော့ ကာကွယ်ရဲမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုပေါ် ပေါက်လာဖို့ စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျနော်တို့ BNRA ဆိုတဲ့ ဗမာ့အမျိုးသားတော်လှန်ရေး တပ်မတော် ဖွဲ့စည်းရခြင်းဖြစ်တယ်၊” ဟု ဗိုလ်နဂါးက ပြော ကြားသည်။
တော်လှန်ရေးတွင် ပါဝင်လုပ်ကိုင်ရမည်ဟု ခံယူချက်စေတနာ တူညီကြသော်လည်း အထောက်အပံ့ မတူညီခြင်းတို့ကြောင့် လုပ်ဆောင်နိုင်စွမ်းမတူကြသည့် အဖွဲ့အစည်း ကြီး၊ ငယ်ကြား အားနည်းချက် ကို ဖြေရှင်းနိုင်ရန်၊ အကွဲအပြားပြား ဖြစ်နေသည့် အဖွဲ့အစည်းများကြား အကြမ်းဖက်စစ်ကောင်စီ၏ သွေးခွဲ သပ်လျှိုမှုကို ဟန့်တားနိုင်ရန် ၊ စစ်သားများ မဟုတ်သော်လည်း လက်နက်ကိုင် တော်လှန်နေကြသူများ ဖြစ်သဖြင့် COC နှစ်ရပ်ကို စနစ်တကျလိုက်နာတတ်စေရန် ရည်ရွယ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့တွေက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာ ဝင် ရောက်ခွင့်မရကြတဲ့အဖွဲ့တွေ ၊ မဝင်ရောက်နိုင်တဲ့အဖွဲ့တွေ အဲဒီအဖွဲ့တွေကို ကျနော်တို့ စုစည်းပြီးတော့ ဒီဟာကို တည်ထောင်ရခြင်းလည်းဖြစ်တယ်၊ ကာကွယ်ရေးဝန်ကြီးအောက်မှာ ဝင်ရောက်ခွင့်ရ သည်ဖြစ် စေ၊ မရသည်ဖြစ်စေ ၊ဝင်ရောက်နိုင်သည်ဖြစ်စေ ၊ မဝင်ရောက်နိုင်သည်ဖြစ်စေပေါ့၊ တော်လှန်ရေးက တော့ လက်နက်ကိုင်ပြီး လုပ်နေကြဦးမယ်ဆိုတာ ဒီလူတွေကြားမှာ တတ်နိုင်သမျှ စစ်ရေးနိုင်ငံရေး အမြင်တွေနဲ့ COC ကို စနစ်တကျတည်ဆောက်ဖို့ လိုတဲ့ အတွက် ဒီလို ပြန့်ကျဲနေတဲ့ အဖွဲ့အစည်းတွေ ကို စုပြီးတော့ BNRA ဆိုတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို ဖွဲ့စည်းရခြင်းပဲ ဖြစ်တယ်၊” ဟု ဗိုလ်နဂါးက ဆက်လက်ပြောဆိုသည်။
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ တွင် အခြေပြုလှုပ်ရှားနေပြီး လက်ရှိတွင် တပ်ရင်း ၁၈ ရင်းဖြင့် ပြင်ဆင်ထားကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက MOD မှ ပြန်လည်ပေးအပ်လိုက်သည့် တပ်ရင်း ၄ ရင်းအနက်မှ တပ်ရင်း ၂ ကျော်ကျော် လည်း ပြန်လည်ပူးပေါင်းလာခဲ့ပြီး မူလ လျာထားသည့် တပ်ရင်း ၁၈ ထက် အင်အားက ပိုလာကြောင်း၊ ထို့အပြင် နောက်ထပ်ပူးပေါင်းလာသည့် အဖွဲ့အစည်းများလည်းရှိနေပြီး ထပ်မံ အင်အားများ တိုးပွား လာနေကာ နိုင်ငံတနံတလျားရှိသည့် တိုင်းရင်းသားညီအစ်ကိုတော်တော်များ ပါဝင်ကြောင်း၊ တောင် ပိုင်းမှလည်းပါဝင်မှုရှိကြောင်း၊ ထို့ကြောင့် အားလုံးပါဝင်သော နာမည်ဖြစ်စေရန် ဗမာအမျိုးသားတော် လှန်ရေး တပ်မတော်ဆိုသည့်အမည်ကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“နောက်တစ်ခုက ကျနော်တို့ လူမျိုးမစွဲဘူးဆိုတဲ့ သဘောထားကို ပြည်သူတွေကြားမှာ အကြိမ်ကြိမ် အခါအခါချပြပြီးလည်းဖြစ်တယ်၊ ဒါပေမယ့် ဒီဗမာဆိုတဲ့ နာမည်ကို ထည့်လိုက်ခြင်းကတော့ ခေတ် အဆက်ဆက် အာဏာရှင်အစိုးရလက်ထက်မှာ ကျနော်တို့ဗမာတွေက ဘာမဆိုင်၊ ညာမဆိုင် လူမျိုး ကြီးဝါစွဲကိုင်သူတွေအဖြစ်နဲ့ သမိုင်းတရားခံဖြစ်နေတယ်၊ ဒီနေ့တော့ အဲဒီသမိုင်းကြွေးကို ပေးဆပ်ဖို့ ဗမာတိုင်းရင်းသားညီနောင်တွေဟာ အခြားတိုင်းရင်းသားညီနောင်တွေနဲ့အတူ ကိုယ်ပြဌာန်း ခွင့်၊ တန်းတူညီမျှခွင့်၊ လွတ်မြောက်ခွင့်တွေအတွက် ပါဝင်တိုက်ပွဲ ပေးသွားမယ်ဆိုတဲ့သမိုင်းကြွေးကိုလည်း ဆပ်ဖို့ ဒီနာမည်လေးကို ရွေးချယ်လိုက်ခြင်းလည်းဖြစ်တယ်၊” ဟု BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြော ကြားသည်။
ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ကို ဖွဲ့စည်းခြင်းသည် နိုင်ငံရေးလိုအပ်ချက်အရ ပေါ် ပေါက်လာသည့် နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ပြန်လည် ထူးထောင်ရေးကာလတွင် ပြည်သူလူထု ဆန္ဒနှင့် အညီပြောင်းလဲရှိမည်ဖြစ်ကြောင်း၊ မြန်မာတိုင်ငံသား တိုင်းရင်းသားများ၏ အခွင့်အရေး၊ တစ်ဦးချင်းစီ၏ အခွင့်အရေး၊ ဒေသတစ်ခုချင်းစီ၏ အခွင့်အရေး၊ လူမျိုးတစ်မျိုးချင်းစီ၏ အခွင့်အရေးများကို အာမခံပေး သည့် နိုင်ငံရေးမူဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးပေါ်ပေါက်လာသည်အထိ ရည်ရွယ် ကြောင်း၊ တိုင်းရင်းသား အခွင့်အရေးအားလုံးကို ရည်ရွယ်ထားသည်နှင့်အညီမြန်မာနိုင်ငံရှိ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းနှင့်မဆို နိုင်ငံရေးသဘောထား ခံယူချက်မှန်ကန်ပါက လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီအဖွဲ့အစည်းမှာ ပါဝင်တဲ့ တစ်ဦးချင်းဆီရဲ့ပါဝါ၊ ကျနော်တို့အဖွဲ့အစည်းရဲ့ပါဝါ၊ အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့ တိုက်ပွဲဝင်နေကြတာလည်းမဟုတ်ဘူး၊ ကျနော်တို့ ကိုယ်ပိုင်နယ်မြေတစ်ခုရဖို့ ၊ ကျနော်တို့အဖွဲ့ပိုင်တဲ့ လွတ်မြောက်နယ်မြေတစ်ခုရဖို့ အတွက်လည်း တိုက်ပွဲဝင်တာမဟုတ်ဘူး၊ ကျနော်တို့တွေ ယုံကြည်ထားတာကိုက မြန်မာနိုင်ငံမှာ တိုင်းရင်းသား အားလုံး မလွတ်မြောက် ပဲနဲ့ ၊ ဒေသအားလုံးမလွတ်မြောက်ပဲနဲ့ ဘယ်ဒေသတစ်ခု၊ ဘယ်တိုင်းရင်းသားတစ်ခုလွတ်မြောက် မြောက် အမှန်တကယ်လွတ်မြောက်ခြင်းလို့ ခေါ်ရမှာမဟုတ်ဘူး၊ အမှန်တကယ်ငြိမ်းချမ်းမှုရမှာ မဟုတ်ဘူးလို့ ယူဆထားခြင်းဖြစ်တယ်၊ အားလုံးလွတ်မြောက်တဲ့အထိ ရည်ရွယ်ပြီးတော့ တိုက်ပွဲဝင်သွားမယ်၊ နိုင်ငံရေး သစ္စာမှန်မှန်ကန်ကန်နဲ့ ပြည်သူလူထုအတွက်သာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်” ဟု ဗိုလ်နဂါးက ပြောကြားသည်။