အရာတော်၊ နောင်ကြီးအိုင်ရွာ အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နောင်ကြီးအိုင်ရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ် ပစ်ကူများဖြင့် ကျေးရွာပတ်ပတ်လည်လည်ကို ပစ်ခတ် လျက်ရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က အရာတော်-နောင်ကြီးအိုင် လမ်းပိုင်းကို ပိတ်ထားကြောင်း၊ နောင်ကြီးအိုင်ရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။
” အရာတော်နယ်က နောင်ကြီးအိုင်ရွာ အနီးမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရဟတ်ယာဥ်နဲ့ လာပစ်တယ်လို့သိရတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ ထိခိုက်မှု အခြေအနေတွေလည်း မသိရသေးဘူး။ အခု စစ်ခွေးတွေက အရာတော် – နောင်ကြီးအိုင် လမ်းပိုင်းကို ပိတ်ထားလိုက်ပြီ ပြည်သူတွေလည်း ဘေးလွတ်ရာ ပြေးနေရတယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
