ရေစကြိုတွင် အကြမ်းဖက် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၁၆
မကွေးတိုင်း၊ ရေစကြိုမြို့အထွက် ဆောက်လုပ်ရေးရုံးရှေ့၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့- ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်လာသော အကြမ်းဖက်စစ်သား ၁၇ ဦးကို ရေစကြိုမြို့အထွက်ဆောက်လုပ်ရေး ရုံး ရှေ့အရောက် မိုင်း ၃ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြ်မးဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
“ရေစကြိုမြို့တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးတဲ့ စစ်ကြောင်းက ၁၄ ရက်နေ့မှာ ပြန်လာတာ၊ အဖွဲ့ နှစ်ဖွဲ့ဖြစ်သွားတာပေါ့၊ တစ်ဖွဲ့က စစ်တပ်ထဲကို ဝင်သွားတာ၊ တစ်ဖွဲ့က ရဲစခန်းကို သွားတာပေါ့၊ အခု မိုင်းဆွဲခဲ့တာက ရဲစခန်းဘက်သွားတဲ့ ၁၇ ဦးကို ဆွဲခဲ့တာ၊ သူတို့က ကတ္တရာလမ်း အတိုင်း အတန်းလိုက် ကြီး လျှောက်လာတာ၊ အဲကောင်တွေကို မိုင်း ၃ လုံးနဲ့ ဆွဲခဲ့တာ၊ သယ်စရာဆိုလို့ ဆေးရုံနဲ့ စစ်တပ် နှစ် ခုပဲရှိ၊ မိုင်းဆွဲတဲ့နေရာက ဆေးရုံနဲ့ နီးတာဆိုတော့ ဆေးရုံထဲပဲ သယ်သွားဖို့ များတယ်၊ အဲဒီ ထိခိုက် သေဆုံးမှုကို စုံစမ်းနေလို့ သတင်းက နောက်ကျသွားတာ” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့- ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိုင်း ဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်သားများမှ ဆဲဆိုသောင်းကျန်းကာ အနီးနားရှိ ထန်းရည်ဆိုင် အတွင်းမှ ပုလင်းများကို ရိုက်ခွဲသွားသည့်အပြင် ကလေးငယ် ၂ ဦးကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရ သည်။