ဒီပဲယင်းရှိ ပျံကျရွာကို စစ်တပ်က ရဟတ် ယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး မှန်သာရွာမှ ပြည်သူ ၁ ဦးကို စစ်ကြောင်းက သတ်ဖြတ်၊ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ အောက်တိုဘာ ၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပျံကျရွာကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး မှန်သာကျေးရွာမှ ပြည်သူ ၁ ဦးကို စစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်အချိန် ဒီပဲယင်းမြို့နယ်ရှိ ပျံကျရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ် ၁ စီးဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မှန်သာရွာမှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာ ၁၃ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
” အခု စစ်ခွေးတွေက ပျံကျရွာကို ရဟတ်ယာဥ်နဲ့ ပစ်ခတ်နေတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ လပ်တီးရွာကို စစ်ကြောင်းထိုးဝင်သွား တုန်းက လပ်တီးရွာမှာ အိမ်ထောင်ကျတဲ့ မှန်သာရွာသား အပြစ်မဲ့ ပြည်သူ တစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်။ ပြည်သူ ၂ ဦးကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်းတန်းရွာ၊ ဝဘာရွာ၊ မဲသည် ရွာ၊ ငြိမ်းချမ်းရွာ၊ ယင်းတွေရွာ၊ လပ်တီးရွာ၊ နှောပင်ရွာ၊ ပုဂံရွာ၊ ကြည်ရွာ၊ အေးသာယာ(ပျံကျ)ရွာ၊ နှဘဲလှရွာ၊ မကျည်းစောက် နှင့် ကြခတ်ရွာ စသည့်ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်သည် အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်နေကာ လှူဒါန်းလိုသော ပြည်သူများ အနေဖြင့် ” ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့” နှင့် “ရေဦးမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး” ထံကို လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စက်တင်ဘာလအတွင်း ဒီပဲယင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ။