ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ၂ ဦးကို သတ်ဖြတ်၊ ထွန်စက်၊ ထော်လာဂျီ၊ ဆိုင်ကယ်များနှင့် အဖိုးတန်ပစ္စည်းများကို လုယက်သွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ၂ ဦးကို သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အောက်တိုဘာလ ၁၉ ရက်နေ့ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပေါက္ကူကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ရွာသား ၂ ဦးကိုသတ်ဖြတ်ပြီးရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထွန်စက်၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးအားလုံး အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကိုလည်း လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။
“ရွာကို စစ်တပ်က မနက် အစောကြီး ပစ်ခတ် ဝင်ရောက်လာတာ။ အဲဒီမှာ မပြေးနိုင်တဲ့ ရွာသား ၂ ဦး အဖမ်းခံရပြီး အသတ်ခံရတယ်။ စုစုပေါင်း အိမ်ခြေ ၅၈ အိမ်ထောင်စုမီးလောင်ပျက်စီးသွားတယ်။ ထွန်စက်၊ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်ဘီးအားလုံးပါသွားတယ်။ မနက်အစောကြီးပစ်ခတ်ဝင်လာတော့ဘာမှယူဆောင်နိုင်ခြင်းမရှိလို့ အားလုံးပါသွားပါတယ်” ဟု ကျေးရွာသားတစ်ဦးက ရှင်းပြသည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများခွဲ၍ ဝင်ရောက်နေသဖြင့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးလိုအပ်နေကြောင်း သိရှိရသည်။