မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာမှ မွေးကင်းစ ကလေးငယ်များ အပါအဝင် ပြည်သူ ၃၀ ကျော်ကို စစ်တပ်က အစာမကျွေးဘဲ ဖမ်းဆီးထား
ရန်ကုန်၊ အောက်တိုဘာ ၂၄
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာမှ မွေးကင်းစ ကလေးငယ်များ အပါအဝင် ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က အစာမကျွေးဘဲ ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် တုံးဗျောကြီးရွာမှ အသက် ၁ နှစ်အောက် ကလေးငယ် ၃ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၃၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ၂၄ နာရီကြာ အစာမကျွေးဘဲ ဖမ်းဆီးထားခဲ့ကြောင်း သိရှိရသည်။
တုံးဗျောကြီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာကိုရောက်လာသည့် အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ရွာထဲလမ်းဆုံအနီးရှိ ရွာသား အများအပြားကို ဖမ်းဆီး၍ ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲမှာ ပိတ်ထားပြီး လှုပ်သည့် လူများကို ပစ်မည်ဟုခြိမ်းခြောက်ကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောကြားသည်။
“ကလေးတွေဆို ဗိုက်ဆာလို့ငိုနေရတယ်။ ဘာမှမကျွေးဘူး။ ရေပဲသောက်ရတယ်” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။
ဖမ်းဆီးထားသူများကို တစ်ရက်အကြာပိတ်လှောင်ဖမ်းဆီးထားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၈ နာရီဝန်းကျင်လောက်ကမှ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
“လူတွေကိုဖမ်းပြီး လမ်းတစ်ခုလုံးကို ပိတ်ထားလိုက်တာ။ သူတို့ကိုတောင်းပန်ပြီး စားစရာသွားပို့တာတောင် အဲဒီလူကိုပါဖမ်းတယ်” ဟု ဒေသပြည်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ရွာသားများကို ဖမ်းဆီးထားချိန် တုံးဗျောကြီးရွာရှိ နေအိမ် ၆ လုံးထက်မနည်းကို မွှေနှောက်၍ ထမိန်၊ ပုဆိုးများအပြင် စားသောက်ကုန်များ၊ တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်သွားကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက်စစ်သားများက တုံးဗျောကြီးရွာထဲတွင် ရှိနေပြီး လမ်းသွားလမ်းလာအချို့ကို ဖမ်းဆီးခြင်းနှင့် စစ်ဆေးခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။
တုံးဗျောကြီးရွာတွင် အကြမ်းဖက်စစ်သားများ ရောက်ရှိနေ၍ ဒေသပြည်သူများသည် အများစုမှာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မြိတ်-တနင်္သာရီကားလမ်းပေါ်တွင်လည်း ယာဥ်အသွားအလာနည်းပါးနေပြီး အဝေးပြေးယာဥ်နှင့် ကုန်တင်ယာဥ်အချို့ လှည့်ပြန်နေခြင်းများလည်း ရှိကြောင်း သိရှိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက် သတင်းဌာနဖြစ်သည်။)