23 C
Yangon

တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ကိုယ့်ဒေသတွင်းရှိ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ က တိုက်တွန်း

Must read

တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် ကိုယ့်ဒေသတွင်းရှိ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ က တိုက်တွန်း

■ ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း သိမ်းတိုက်ပွဲတွင် ခမရ ၃၈၇ မှ တပ်ရင်းမှူး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၁

တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ကိုယ့်ဒေသတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သော စခန်းများကို တပြိုင်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်သည်။

‌အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး) သည် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ဆိုလျှင် စစ်ဆင်ရေး ၅ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက် ခိုက် လျက်ရှိကြောင်း၊ ပထမ ၅ ရက်တာ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ ၁ အတွင်းရှိ အဓိကမြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သိန္နီမြို့ကိုလည်း ထိန်းချုပ် ထား ဆဲဖြစ်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များ အနေ ဖြင့် လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကို တွေ့ရှိနေရပြီး ဤသည်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်ကြောင်း၊ အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်း များအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်း ဆုပ် ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်း များ ကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် လေးလေး နက်နက် တိုက်တွန်းပါကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက် နံနက် ၆ နာရီခန့်အချိန်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ ၂၅ ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခွဲခန့်အကြာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၃၈၇ တပ်ရင်းမှူး သေဆုံးခဲ့ပြီး လက် နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့တို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကချင်တပ်မ‌တော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့မှ နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ပြီးကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၃၀ ရက်နေ့တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ “မန်ခမ်းစုပေါင်းစစ်ဆေးရေး ဂိတ်စခန်း” အား တအာင်းတပ်မတော် (TNLA) နှင့် ပူး ပေါင်း အဖွဲ့တို့မှ ချေမှုန်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ဒု-ရင်းမှူးအပါဝင် ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ချိန်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “မိုင်းကျက်တပ်စခန်း” အား TNLA တပ်ဖွဲ့မှ ယနေ့ အထိ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး လားရှိုးနှင့် သိန္နီကြားရှိ “မိုင်းပါးတပ်စခန်း”ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား များမှာ အောက်တိုဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်က စခန်းတစ်ခုလုံးစွန့်ခွာထွက်ပြေးသွားသဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေး ၅ ရက်အတွင်း ရန်သူ့အလောင်း အမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအ ဆောင် ပစ္စည်း အမြောက်အမြားတို့ ကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း စစ်သုံ့ပန်း ဥပ ဒေ နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်စစ်ကူ ပေးပို့နိုင်ခြင်းမရှိသဖြင့် လေကြောင်းမှ စစ်လက်နက် ပစ္စည်းများ ချပေးခြင်း၊ ဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်ဖြင့် လေကြောင်းစစ်ကူခြင်းနှင့် တိုက် ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများမှ အရပ်သားပြည်သူများအား လေကြောင်းမှ ဦးတည်တိုက် ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၂ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး အလော့န်ဘွမ်တောင်ကုန်းကို အကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း ညီနောင် ၃ ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article