ဝန်းသိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၄ လက်သိမ်း ဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မင်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့တွင် အင်အား ၈၀ ခန့်ဖြင့် ဝန်းသိုမြို့မှ ထွက်လာသည့် ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီးသည့် ခမရ-၃၆၉ တပ်ရင်း စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း-၁ က ဝန်းသိုမြို့နယ်၊ မင်းကုန်းရွာအရှေ့ဘက် ကြက်ခြံ အရောက်၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်အိမ် ၁၃ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာကို ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်းက ဟောင်ဝှစ်ဇာဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းမှ တက်လာသည့် Mi-35 ရဟတ်ယာဉ် ၁ စီးဖြင့်လည်း ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။