NUG နှင့် တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသော ကောလင်းမြို့နယ်တွင် စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ PDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော ကောလင်းမြို့နယ်တွင် စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ (၆)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းမြို့အတွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ပြည်သူများ ကောလင်းမြို့တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကြေညာပြီးနောက်ပိုင်း ကောလင်းမြို့အတွင်းသို့ ပြည်သူများက ပြန်လည်ဝင်ရောက်နေထိုင်ကာ စျေးများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက် ထုတ်ကုန်လုပ်ငန်းများကို စတင်လည်ပတ်၍ လုပ်ငန်းများ လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ကောလင်းမြို့နေလူထုအနေဖြင့် ၃၅ ရာခိုင်နှုန်းခန့် မြို့နယ်အတွင်း ဝင်ရောက်နေထိုင်လျက်ရှိကြပြီး၊ မြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။