26 C
Yangon

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံး

Must read

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် အပါအဝင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ပြည်သူ ၁၃ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သူများမှာ လက်ဖက်ဆိုင်ပိုင်ရှင် ဦးအေး၊ ဒေါ် နီနီထွန်း ၊ ဦးဟန်ဝင်းထွန်း၊ ဦးမြင့်သူထွန်း၊ ဦးအောင်သူ၊ ဦးထက်ကြီး၊ ဦးမောင်နိုင်၊ ဒေါ်ဝင်းစိန်နှင့် ကျန် ၅ ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” စစ်ခွေးတွေ ပစ်သတ်သွားတဲ့ ပြည်သူ ၈ ဦးအမည်တွေတော့ သိရပြီ ကျန်တဲ့ ၅ ဦးက ဒီနယ်က မဟုတ်ဘဲ အလုပ်လာလုပ်သူတွေလို့လည်း သိရတယ်။ အမည်တွေတော့ မသိရသေးဘူး။ ရုပ်အလောင်းတွေလည်း အခုထိ မကောက်ရသေးဘူး။ အဲရွာနားမှာ စစ်ခွေး ကင်းပုန်းတွေနဲ့ စစ်ကြောင်းရှိနေသေးတယ်လို့ သိရတယ်” ဟု မတ္တရာမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်း ၁ ခုကို ဒေသကာကွယ်ရေး အဖွဲ့များ နှင့် ပူပေါင်းတပ်ဖွဲ့ များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကူလာရောက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အောင်ကန်သာကျေးရွာ အရောက်၌ လက်ဖက်ရည်ဆိုင် ထိုင်နေသော ပြည်သူ ၁၃ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူမဆန်စွာ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု အတွက် များစွာ အံ့ဩတုန်လှုပ်မိကြောင်းနှင့် ယခုဖြစ်စဉ်အား အကြမ်းဖက် စစ်ကောင်စီမှ တာဝန်ခံရမည် ဖြစ်ကြောင်း မတ္တရာ ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ရက်စက် ယုတ်မာသော စကစ စစ်ကြောင်းများနှင့် ရှောင်ရှား သတိပြုနေထိုင်ကြပါရန် မတ္တရာ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article