27 C
Yangon

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား

Must read

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား

■ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်း လွှတ်တော် အစည်းအဝေးတွင် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြု ပြဌာန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council) ဖွဲ့စည်းသောအခါ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကရင်နီပြည်နယ်၏ နိုင်ငံရေး ဦးဆောင်မှုတွင် အရေးပါသောထောက်တိုင်တစ်ရပ်အဖြစ်ရပ်တည်ပြီး ပြည်နယ်အတွင်းရှိ အခြားသော တော်လှန်ရေး အင်အားစုများနှင့်အတူ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အဖြစ်ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမရှိသော အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို ကရင်နီပြည်နယ်၏ နိုင်ငံရေးအခင်းအကျဉ်းတွင် ဆက်လက်ပါဝင်နိုင်ရေးအတွက် ကရင်နီပြည်နယ် ကြားကာလအစီအမံတွင် ဥပဒေပြုရေး ကော်မတီ အဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကရင်နီပြည်နယ် ကြားကာလအစီအမံအရ ဥပဒေပြုရေးကော်မတီကို ပေးအပ် ထားသော လုပ်ပိုင်ခွင့်အာဏာများသည် လွှတ်တော်တစ်ရပ်၏ အခွင့်အာဏာများနှင့် ညီညွတ်နေခြင်းကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးအရ မဏ္ဍိုင်ကြီး ၃ ရပ်တွင် တစ်ခု အပါအဝင် ဖြစ်နေခြင်းကြောင့် သော်လည်းကောင်း ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေး ကော်မတီကို ကရင်နီပြည်နယ် ကြားကာလလွှတ်တော် အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်သုံးစွဲရန် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) သို့ အဆိုပြုတင်သွင်းခဲ့ပြီး မူအရ သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့တွင် ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ပြောင်းလဲပြီး လွှတ်တော်ဆိုင်ရာ လုပ်ငန်းစဉ်များကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို ဥက္ကဠ၊ ဒုဥက္ကဠ ၁ ၊ ဒုက္ကဠ ၂ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကနဦး ဖွဲ့စည်းထား​ပြီး ဥပဒေပြုရေး မဏ္ဍိုင်တစ်ရပ်အဖြစ် ကြားကာလ အတွင်း ကရင်နီပြည်နယ်အတွက် လိုအပ်သော ဥပဒေပြုခြင်း၊ မဲဆန္ဒရှင် ပြည်သူလူထုများအား ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များအား စောင့်ကြည့်ထိန်းညှိမှုပြုခြင်း စသည့်လုပ်ငန်းစဉ်များဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

ကြားကာလ လွှတ်တော်သည် ပြည်သူလူထုအား အကာအကွယ်ပြုသည့် ဥပဒေများနှင့် အခြားကျင့်သုံးနိုင်ရန် လိုအပ်သည့် ဥပဒေများအား ရေးဆွဲပြဋ္ဌာန်းခြင်း ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို စောင့်ကြည့်ထိန်းညှိခြင်း ၊ ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် ပူးပေါင်း ပါဝင်ရေးကို ဆောင်ရွက်ခြင်း ၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ပြည်သူလူထု၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် သက်ဆိုင်ရာအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း စသည့် လုပ်န်းစဥ် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်သည် ပြည်သူလူထုနှင့်အတူ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အစဉ်ရပ်တည် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း လွှတ်တော်၊ တနင်္သာရီတိုင်း လွှတ်တော်နှင့် မကွေးတိုင်း လွှတ်တော်တို့သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အနာဂတ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တည်ဆောက် နိုင်ရေးအတွက် အလွန်အရေးကြီးသော ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေအား အတည်ပြု ပြဌာန်းနိုင်ခဲ့သည့်အတွက် ပြည်သူများကိုယ်စား မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထုတ်ပြန်ထားသည်။

လွှတ်တော်အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင် ဒီမိုကရေစီ ဖက်ဒရယ်စနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင် ရွက်ရေးတို့သည် အပြန်အလှန် အားရကျေနပ်မှုရှိစွာ ဆက်လက်ဖွံ့ဖြိုး တိုးတက်နေမည် ဟု ခိုင်မြဲစွာ ယုံကြည်ကြောင်း၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယနေ့ကျင်းပသည့် အစည်းအဝေးသည် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် မကွေးတိုင်းတို့တွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဝဏ်လွှာ ပေးပို့ထားသည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article