ရှမ်းမြောက်ဒေသတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး နိုင်ငံလုံးအဆင့် စစ် ဆင်ရေး၏ ပထမအဆင့်အဖြစ် ပြောင်းလဲ သွားပြီဟု မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ ကြေညာ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံလုံးအဆင့် စစ်ဆင်ရေး၏ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ကြေညာသည်။
လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်ဒေသတွင်း အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက်ပြင်းထန်နေခြင်းနှင့်အတူ စစ်ကောင်စီ တပ်စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး မိမိတို့၏စစ်ရေးရည်မှန်းချက်များကို အကောင် အထည်ဖော်လျက်ရှိကြောင်း၊ ဤသည်မှာ “Nationwide Operation” ၏ ပထမဆုံးအဆင့်ပင်ဖြစ်ကြောင်း
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။
စစ်ဆင်ရေး ရက်ပေါင်း (၂၂) ရက်တာကာလအတွင်း ရှမ်းမြောက်ဒေသမှ ညီနောင်မဟာမိတ် (၃) ဖွဲ့ အစချီလိုက်သော စစ်ဆင်ရေးသည် လက်ရှိအချိန်၌ မြန်မာနိုင်ငံတဝှမ်းရှိ စစ်ရေးအရှိန်မှာ ကြီးမားကျယ်ပြန့်လာပြီး စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ် ကို မြေပြင်တွင် မတွန်းလှန်နိုင်သောကြောင့် အရပ်သားပြည်သူများအား လူသားဒိုင်းကာများသဖွယ် အသုံးပြု၍ နိုင်ငံတကာစစ်ဥပဒေကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက်ကျုးလွန်နေလျက်ရှိကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဆိုသည်။
နိုဝင်ဘာလ (၁၆) ရက်အတွင်း မိမိတို့ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ယခင်ရက်များနည်းတူ ရန်သူစစ်ကောင်စီ၏ စခန်းကြီး၊ ငယ်များ၊ ဗျူဟာကုန်းများနှင့် လက်နက်ကြီးများအား ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးမှု စံချိန်တင်ခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်မှလည်း အကျအဆုံးအချို့ရှိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းအား တအာင်းတပ်မတော် (TNLA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) မန်တပ်စခန်းမှ လက်နက်ကြီးဖြင့် (၅) ကြိမ်၊ ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နမ့်ဖတ်ကာစခန်းမှ လက်နက်ကြီးဖြင့် (၁၂) ထက်ကြိမ်ထက်မနည်း အပြင်းအထန်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၆ နာရီ ၅၀ မိနစ် အချိန်ခန့် နောင်ချိုမြို့နယ်၊ ဂုတ်တွင်းအနီးတဝိုက်တွင် တအာင်းတပ်မတော် (TNLA) + MDY PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နိုဝင် ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်ခန့် ကျောက်မဲမြို့နယ်၊ လုံကြိမ်ကျေးရွာအနီး၌ တအာင်းတပ်မတော် (TNLA) + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း။
အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်အချိန် ကိုးကန့်တပ်မတော် (MNDAA) က ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင့်ချိုမ့်ထန်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၂) တပ်စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ရက္ခိုင့်တပ်တော် AAက စစ်ကောင်စီ၏ မောင်တောအခြေစိုက် “ဒုံးညိုနယ်ခြားစောင့်စခန်း” ကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၆ နေ့ကလည်း တအာင်းတပ်မတော် (TNLA) က နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ “တာကွန့်တပ်စခန်း” အား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ပြီး ကိုးကန့်တပ်မတော် (MNDAA) က ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “ခုတ်ထန် တပ်စခန်း” နှင့် ရှီးရှမ်းဒေသရှိ “ရှင်းဖောက်လုပ်တပ်စခန်း” (၂) ခုအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကောင်စီသည် ၎င်း၏ “ခုတ်ထန်တပ်စခန်း” အား (၆) နာရီကြာ ခုခံကာကွယ်ခဲ့ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် အဆုံးသတ်တိုက်ပွဲကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ညီနောင် (၃) ဖွဲ့၏ စစ်ဆင်ရေးဆင်နွှဲနေသည့် နေရာဒေသများနှင့် တခြားသော စစ်ဆင်ရေးဆက်စပ်နေရာဒေသများတွင် စစ်ကောင်စီသည် ၎င်းတို့ နေ့စဉ်ရက်ဆက် လက်လွတ်ဆုံးရှုံးနေရသည့် မြို့ကြီးများကို ပြန်လည်ရယူနိုင်ရေးအတွက် အလွန်ဖျက်အားပြင်းသော လက်နက်ကြီး များဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဆုံးစွန် အားထားနေရပြီး ရက္ခိုင်ဒေသမှာဆိုလျှင်ပင် ရေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်လာကြောင်း၊ အဘက်ဘက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် စစ်ရေးရင်ဆိုင်မှုကို စစ်မျက်နှာစာများတွင် ပြန်လည်ခုခံနိုင်ခြင်းမရှိတော့ဘဲ ကြည်း၊ ရေ၊ လေ ထိုးစစ်များဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့များကို လေးဘက်လေးတန် ဝိုင်းရံပိတ်ဆို့ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုသော တန်ပြန်ထိုးစစ်များ ဖြင့် တုန့်ပြန်နေခြင်းသည်ပင်လျှင် နိုင်ငံတကာစစ်ဥပဒေနှင့် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေသော လုပ်ရပ်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။