27.7 C
Yangon

ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး

Must read

ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး

■ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံးကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင်ပြောဆိုထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ၊ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး- ကလေးဝလမ်း ပေါ် အင်အား ၃၀ ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းကို ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ် ပကဖ တို့က တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် သိမ်းပိုက်ရန် အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စခန်းကုန်း ထပ်မံ တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစစ်တပ် စခန်းကုန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ PDF ၃ ဦး ကျဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ လက်နက် ၁ လက်၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ ဗုံးသီး ၁၀၇ လုံး၊ Equipment ၁ ခု၊ ကျည်အိမ် ၂ ခု၊ မိုင်း ၁၆ လုံး၊ အီနာဂါ ၄ လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီမှ ည ၁၁ နာရီ ၁၅ မိနစ်အချိန်အထိ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တူမီးတပ်ဦး Chindwin Toe Na Yar PDF ၊ ယင်းမာပင်တပ်ရင်း ၂၉ ခွဲ ၂၂ ၊ ယင်းမာပင်တပ်ရင်း ၂၅ ခွဲ စု ၃ ၊ တူမီးတပ်ဦးSKY ၊ တူမီးတပ်ဦး Yinmarbin local PDF ၊ တူမီးတပ်ဦးဖီးနစ်ဖိုက်တာ ၊ တူမီးတပ်ဦး တော်လှန်ပြောက်ကျား ၊ SPDF ဆားလင်းကြီး ၊ ယင်းမာပင်တပ်ရင်း၁၆ဒေါင်းယင်း ၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေးဆားလင်းကြီး ၊ ဇာနည်သွေး ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၂၇ ၊ BED ငညို နှင့် Myanmar National Armed Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကနီ စစ်တပ်စခန်းကုန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များနှင့် စက်ပစ္စည်းများ။

Photo- အမှတ် ၁ စစ်ဒေသ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article