ရှမ်းပြည်မြောက်ပိုင်း၊ ကျေးသီတံတားကို မဟာမိတ်တပ်ဖွဲ့က ပြန်သိမ်းပိုက်လိုက်ပြီး စစ်တပ်စခန်းပေါင်း ၁၇၆ ခုကို သိမ်းပိုက်ရရှိထား
■ ခမရ ၅၆၇ ၊ ၅၆၈ တပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သားများ ဖွက်ခဲ့သည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့်ကျောက်မဲမြို့နယ်အကြားရှိ ကျေးသီးတံတားကို MNDAA ကိုးကန့်နှင့် TNLA တအာင်းတပ်ဖွဲ့များက ပူးတွဲ ပြန်သိမ်းပိုက်လိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၂၇ မိနစ်အချိန် ရှမ်းပြည်နယ်၊ သီပေါနှင့် ကျောက်မဲအကြားရှိ ကျေးသီးတံတားရှေ့တွင် အခြေ ချသော စစ်ကောင်စီတပ်စခန်း၂ ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီး ကျေးသီး တံတားအထိထိုးစစ် ဆက်လက်ဆင်နွှဲ လာခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၀၈ မိနစ်အချိန် ကျေးသီးတံတားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်အချိန် MNDAAနှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး ကျင်းစန်းကျော်နယ်စပ်ဂိတ်၏တောင်ဘက်ခြမ်း လုံခန်းနေရာတွင်အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ သိန္နီမြို့နယ်တွင် မဟာမိတ် တပ်ပေါင်းစုများက ၆ ရက်တိုင် တိုက်ခိုက်ခဲ့သော ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်းတို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သိန္နီမြို့နယ်ရှိ နန့်စလပ်အုပ်စုတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ယင်းနောက် နန့်စလပ်တပ်စခန်းမှ ထွက်ပြေးလာသောစစ်ကောင် စီမိသားစုဝင်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များ ဖွက်ထားခဲ့သော ရိုင်ဖယ် ၁၃ လက် ၊ စက်သေနတ် ၁ လက် ၊ကျည်ဘောက် ၃၁ ခု ၊ ကျည်ကာဦးထုပ် ၃ ခု ၊ သေနတ်ပစ်ဗုံးသီး ၃ လုံးနှင့် ကျည်ဆန်၂၀၀၀ တောင့်စသည် တို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် MNDAAက သိန္နီမြို့နယ်၊ နန်ဖုန်းအုပ်စုတွင်အခြေချ နေထိုင်သော စစ်ကောင်စီ တပ်ရင်း ၂၉၁ ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA က စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၇၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

