မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ဒုက္ခသည်များကို လက်ခံရန် အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ရန်ကုန် ၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံ မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံပေးဖို့ အဆင့်သင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါ နုကာရာ (Parnpree Bahiddha-Nukara) ကပြောကြားတယ်လို့ ဘန် ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။
ထိုင်းအစိုးရ အနေနဲ့ နယ်စပ်တစ်လျောက် စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်ခံပေးဖို့ နေရာထိုင်းခင်း နဲ့ စခန်းတွေ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနုကာရာ ဆိုပါတယ်။
ထိုင်းအစိုးရ က စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံနိုင်ပေမယ့် လည်း သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ အနေနဲ့ အမြန်ဆုံးအပစ်အခတ်ရပ်စဲဖို့ လိုအပ်ကြောင်း နဲ့ အမြန်ဆုံးဆွေးနွေးညှိနှိုင်းကြဖို့တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။
“ လက်ရှိအခြေအနေမှာတော့ ဒုက္ခသည်တွေ ဝင်မလာသေးပါဘူး။ ဒါပေမယ့်လည်း ခုချိန်စပြီးတိုက်ပွဲတွေ ပိုမိုဆိုးရွားလာမယ်ဆိုရင် ထိုင်းကိုသာမကပဲ ဒေသတွင်း နိုင်ငံတွေကို ဒုက္ခသည်တွေ လမ်းကြောင်းမျိုးမျိုး ကနေရောက်သွားနိုင်ပါတယ်” လို့ ပန်ပရီဘာဟစ်ဒါနုကာရာ ကဆိုပါတယ်။
လတ်တလောမှာ တော့ ထိုင်း – မြန်မာ နယ်စပ်က မြဝတီမြို့ နဲ့ နီးကပ်စွာတည်ရှိနေတဲ့ ကော့ကရိတ်မြို့မှာတိုက်ပွဲတွေ ပြင်းထန်နေပြီး ၊ဒေသခံအရပ်သားတွေ နဲ့ကုန်တင်ကား အများအပြား ပိတ်မိနေပါတယ်။
တိုက်ပွဲဖြစ်ပွားရာစစ်မြေမြင်ဟာလည်းထိုင်း နိုင်ငံမဲဆောက်မြို့ နဲ့ ၁၀ ကီလိုမီတာ အကွာ အဝေးဖြစ်ပွား နေတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် က ရေးသားထားပါတယ်။
မြဝတီ ဘက်မှာလက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံအနေနဲ့ ထိခိုက်မှု တစ်စုံတရာ မရှိသေးဘဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ အသင့်ပြင်ထားတယ်လို့ ထိုင်းတော်ဝင်တပ်မတော် တပ်မ ၃ မှ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Prasarn Saengsirirak ကဆိုပါတယ်။
ထိုင်းအစိုးရ တာဝန်ရှိသူတွေ ဘက်က မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံပေးဖို့ အသင့် ရှိနေတယ်လို့ ပြောဆိုနေလည်း ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်ကိုထွက်ပြေတိမ်းရှောင် လာတဲ့ ကရင်နီ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေ ဖိအားပေး နှင်လွှတ်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch-HRW) ကပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကရင်နီပြည်သူတွေကို နေရပ်ပြန်ခိုင်းတာဟာ လူ့အသက်ပေါင်းများစွာ သေစေနိုင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW က နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ဒီနှစ် အောက်တိုဘာလ နှောင်းပိုင်းကစလို့ ထိုင်းစစ်တပ်ဟာ နယ်စပ်ဒေသကိုရောက်ရှိလာတဲ့ ကရင်နီစစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် အများစုက ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာကြတယ်လို့ သိရပါတယ်။
“ဒီတစ်ခါ ပြန်ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေကိုတော့ ထိုင်းအစိုးရက နောက်တစ်ကြိမ် ပြန်မလွှတ်သင့်တော့ဘူး။ အတင်းအကျပ် ပြန်ခိုင်းပြီး ရက်ပိုင်းအတွင်း သူတို့တွေပြန်ရောက်လာရတာကိုကြည့်ရင် မြန်မာမှာ သူတို့ရဲ့ လုံခြုံရေး ဘယ်လောက်အထိ စိုးရိမ်စရာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်” လို့ Human Rights Watch ရဲ့ အာရှ တိုက်ဆိုင်ရာ ဒါရိုက်တာ Elaine Pearson က ပြောပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်