နတ်မောက်မြို့၊ ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားဒဏ်ရာများဖြင့် သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားဖြင့် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက် ညနေ ၃ နာရီခန့်တွင် နတ်မောက်မြို့၊ ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းသည် ဆိုင်ကယ် ၁၁ စီးဖြင့် ၎င်း၏ ပျောက်ဆုံးနေသော တပည့်ဖြစ်သူကို လိုက်လံရှာဖွေစဥ် နတ်မောက် PDF မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးရမိပြီးနောက် ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းကို နတ်မောက် PDF က ဓားဖြင့် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန်ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
” မနေ့က ၁၀ ရက်နေ့က အဲ့ဒီ ပျူစောထီး ခေါင်းဆောင် စျေးကွက်သစ် ဥက္ကဋ္ဌက သူတပည့်ကို ဒီအရှေ့ဘက်တကြောမှာ ပျောက်သွားလို့ ဆိုပြီး ဆိုင်ကယ် ၁၁ စီးနဲ့တက်ပြီးလာရှာတာကို ၁၁ စီးလုံးကို ကျွန်တော်တို့ ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးရမိတဲ့ သူတွေကို စစ်ဆေးလိုက်တော့ အောင်သန်း ဖုန်းထဲမှာ သူလုပ်ထားတဲ့ ပျူစောထီးအလုပ်နဲ့ အုပ်ချုပ်ရေးမှူးဆိုတာ ထင်ရှားလို့ ဓားနဲ့ တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု နတ်မောက် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နတ်မောက်မြို့ တစ်မြို့လုံး၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ၃ ဦးသာရှိပြီး လက်ရှိချိန်တွင် ၂ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။