စစ်ကောင်စီက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများ မတက်ရောက်ရန် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့ ၄၀၂ ခုက တောင်းဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်စစ်ကောင်စီက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ GMS ဝန်ကြီး အဆင့် ညီလာခံကို ကန့်ကွက်ပြီး အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အစည်းအဝေး မတက်ရောက်ကြရန်၊ အကြမ်းဖက်စစ်တပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်မပြုရန် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၀၂ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြောင်း သိရှိရသည်။
မဟာမဲခေါင်ဒေသခွဲ GMS ဝန်ကြီး အဆင့် ညီလာခံ အစည်းအဝေးကို ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို မဟာမဲခေါင်ဒေသခွဲတွင် မြန်မာ ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စသည့် နိုင်ငံများ ပါဝင်ပြီး အဆိုပါ ၆ နိုင်ငံရှိ အစိုးရ တာဝန်ရှိသူများဆီ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် အာဏာသိမ်းထားသည့် မြန်မာစစ်တပ်က ယနေ့အထိ လူပေါင်း ၄၂၃၂ ဦဂကို သတ်ဖြတ်ကာ ၁၉၇၀၇ ဦးကို အကျဉ်းချခဲ့ကြောင်း၊ အစုလိုက် အပြုံအလိုက် သတ်ဖြတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့်အစုအလိုက် မီးရှို့မှုများကို လုပ်ဆောင်ထားကာ လူပေါင်း ၂ ဒသမ ၅ သန်းနီးပါး နေအိမ်များမှ ထွက်ပြေးခဲ့ကြရကြောင်း၊ ထိုသို့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို လုပ်ဆောင်ထားသည့် စစ်အုပ်စုကို နိုင်ငံကိုယ်စား အစိုးရအဆင့် အစည်းအဝေးတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခြင်းသည် ဒီမိုကရေစီနှင့် မြန်မာပြည်သူလူထုကို စော်ကားရာ ရောက်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။
အကြမ်းဖက်စစ်တပ်ကို အစိုးရတစ်ရပ်ကဲ့သို့ နိုင်ငံခြားအစိုးရများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများမှ ဆက်ဆံသည့်အခါ မြန်မာပြည်သူများအပေါ် ထင်သာသည့် ထိခိုက်နစ်နာမှုများ ဖြစ်စေကြောင်း၊ ပြည်ပ အစိုးရ အဖွဲ့အစည်းများက အကြမ်းဖက်စစ်တပ်ကို မြန်မာ ကိုယ်စားပြုခွင့် ပေးသည့်အခါ အကြမးဖက်စစ်တပ်သည် အဆိုပါအခွင့်အရေးကို အသုံးချ၍ ဝါဒဖြန့် မီဒီယာများမှ တစ်ဆင့် ၎င်းတို့သည် အစိုးရ တစ်ရပ်ဖြစ်ကြောင်း အတုအယောင် ပုံရိပ်မြင့်တင်မှုများ လုပ်ဆောင်သည့်အတွက် ပြည်တွင်း တွင်သာမက နိုင်ငံတကာတွင်ပါ အကြမ်းဖက်စစ်တပ်ကို မှားယွင်းသည့် တရားဝင်မှု ဖြစ်စေကြောင်း အိတ်ဖွင့်ပေးစာကဆိုသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် GMS ဝန်ကြီးအဆင့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုအနေနှင့် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ရန် သတင်းထုတ်ပြန်မှုနှင့် စာနယ်ဇင်းသမားများကို ထိန်းချုပ်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
မဟာမဲခေါင်ဒေသခွဲ (GMS) အစီအစဉ်တွင် ပါဝင်သည့် GMS ၏ အရှေ့-အနောက် စီးပွားရေးစင်္ကြ့ အိန္ဒူ-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေးစီမံ ကိန်းကို အကြမ်းဖက်စစ်တပ်မှ အသုံးချ၍ ကရင်ပြည်၊ ဒူးပလာယာခရိုင်သို့ ဝင်ရောက်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို တိုက် ခိုက်ခဲ့၍ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြည်သူ ၈ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၈၆,၈၅၈ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မစတင်မီ ၅ နှစ်အလိုကတည်းက လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းကို စတင်ခဲ့၍ လက်ရှိ အကြမ်းဖက်စစ်တပ်ကို GMS က ရည်ရွယ်ချက်ရှိရှိ ပံ့ပိုးကူညီခြင်း မဟုတ်သော်လည်း လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများကို တိုက်ခိုက်နိုင်စွမ်း တိုးမြင့်စေ၍ နောင်တွင် မြန်မာနှင့် စပ်လျဉ်းသည့် လုပ်ဆောင်ချက်များကို ဂရုတစိုက် စဉ်းစား သုံးသပ်ရန် လိုအပ်ကြောင်း GMS အနေနှင့် သင်ခန်းစာယူရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။
ထို့ပြင် GMS အစည်းအဝေးများနှင့် အခမ်းအနားများ အားလုံးအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားညီညွတ် ရေးအစိုးရမှ မြန်မာပြည်သူလူထုကို ကိုယ်စားပြုခွင့်ပေးရန်၊ လက်ရှိ မြန်မာ အစိုးရအဖွဲ့အစည်းများကို တရားမဝင် သိမ်းပိုက်ထားသည့် စစ်အုပ်စုကို ပိတ်ပင်ရန်နှင့် GMS အနေနှင့် တရားမဝင် စစ်အုပ်စုနှင့် ဘဏ္ဍာရေး၊ နိုင်ငံရေး ဆက်နွှယ်မှုများ အားလုံးကို အဆုံးသတ်ရန် တောင်းဆိုထားသည်။
ယင်းအပြင် နိုင်ငံတကာဖိုရမ်များတွင် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း၊ NUG နှင့် ဆက်ဆံရေး မတည်ဆောက်ရသေးပါက ဆက်ဆံရေးထူထောင်ရန် တိုက်တွန်းကြောင်းနှင့် မြန်မာ၏ လက်ရှိအခြေအနေများကို သိရှိရန်နှင့် တရားမဝင် စစ်အုပ်စု ကိုယ်စားလှယ်နှင့် တရားဝင် အစိုးရ ကိုယ်စားပြုသူများကို ခွဲခြားသတ်မှတ်ရာတွင် အကူအညီလိုအပ်ပါက ကူညီဆောင်ရွက်ပေးရန်လည်း အသင့်ရှိကြောင်း၊ GMS ၏ လုပ်ရပ်သည် မြန်မာပြည်သူများကို ထောက်ခံခြင်းလား၊ မတရားမဝင် အကြမးဖက်စစ်အုပ်စု၏ လုပ်ရပ်များကို ထောက်ခံခြင်းလား ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဖက်အဖွဲ့အစည်း ၄၀၂ ဖွဲ့က တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ဓာတ်ပုံ- မဟာမဲခေါင်ဒေသ အဖွဲ့ဝင် ၆ နိုင်ငံ။