ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရေဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပါဝင်သော ပူးပေါင်းစစ်ကြောင်းကို မစိုးရိမ်ကျေးရွာ စာသင်ကျောင်းအနီးအရောက် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး ၁ နာရီ နီးပါး ကြာမြင့်ခဲ့ကြောင်း၊ ရေဦးမြို့မှ စစ် ကူကားများ ရောက်ရှိလာပြီး လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ပထမ မိုင်းတွေဆွဲတယ်၊ ပြီးတော့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲက အနီးကပ်ထိဖြစ်တာ၊ နောက်ထပ် ရေဦးကနေ ထွက်လာလို့ အပြတ်မတိုက်လိုက်ရပဲ ဆုတ်ခဲ့လိုက်ရတာ၊ ဒီပဲယင်းမြို့ထဲက ဝန်ထမ်း တွေ၊ ပျူစောထီးမိသားတွေကို ကားတွေနဲ့ လာခေါ်ပြီးတော့ တစ်ချို့တဝက်တော့ ရေဦးမြို့ထဲ ဝင် သွားပြီ၊ ကျနော်တို့တပ်ဖွဲ့မှာက လက်နက်ခဲယမ်းတော်တော်လေးအခက်အခဲဖြစ်နေလို့ မိဘပြည် သူတွေကို တတ်နိုင်သမျှကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Freedom Revolution Force (FRF)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)အဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း ၉ ၊ ရွှေဘို ခရိုင် တပ်ရင်း ၁၂ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၄ ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ ဒီပဲယင်းမြို့နယ် ပ.က.ဖ နှင့် ရေဦး အနောက်ခြမ်း ပ.က.ဖ(ဖီးနစ်)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Freedom Revolution Force (FRF) တပ်ဖွဲ့ တွင် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် ခဲယမ်း လိုအပ်မှုဖြစ်ပေါ်နေပြီး မိဘပြည်သူများအနေဖြင့် ထောက်ပံ့လှူဒါန်းကာ တော်လှန်ရေးကို ပါဝင် ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။
