33 C
Yangon

နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်နေတဲ့ မုံရွာထောင်တာဝန်ခံနဲ့ ဦးစီးအရာရှိကို ပြန်လည်တောင်းပန်ရန် သပိတ်ကော်မတီ သတိပေး

Must read

နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်နေတဲ့ မုံရွာထောင်တာဝန်ခံနဲ့ ဦးစီးအရာရှိကို ပြန်လည်တောင်းပန်ရန် သပိတ်ကော်မတီ သတိပေး

ရန်ကုန်| ဒီဇင်ဘာ ၁၇

မုံရွာအကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ ထောင်တာဝန်ခံနဲ့ ဦးစီးအရာရှိတို့က နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်နေပြီး ဒီလုပ်ရပ်တွေအပေါ် ပြန်လည်တောင်းပန်ဖို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ဒီဇင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မုံရွာအကျဉ်းထောင်ကို အသစ်ရောက်ရှိလာတဲ့ ထောင်တာဝန်ခံ အရာရှိ ဇော်မြင့်ဦးနဲ့ ဦးစီးအရာရှိ တင်အောင်ဆန်းဝင်းတို့ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်နေတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။

အပတ်စဉ်ပုံမှန်လုပ်နေကြ ထောင်ပိုင်တန်းစီမှာ အိပ်ဆောင်အတွင်း ထောင်ပိုင်ရောက်လာချိန် အကျဉ်းသားတွေက မင်္ဂလာပါလို့ မနှုတ်ဆက်တဲ့အတွက် အကျဉ်းသားတွေကို ကွင်းပြင်ထဲ ပုံစံထိုင်ခိုင်းပြီး မိုက်ရိုင်းညစ်ညမ်းစွာ ဆဲဆို စော်ကားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ထောင်တာဝန်ခံအရာရှိနဲ့ ထောင်ဝန်ထမ်းတွေဟာ အိပ်ဆောင်အတွင်းက အကျဉ်းသားတွေရဲ့ အိပ်ရာ၊စောင် ၊အဝတ်အစား စတာတွေကို ဝတ်ဆင်လာတဲ့ ဖိနပ်တွေနဲ့ တက်နင်းပြီး ရိုင်းပြစော်ကားခဲ့တယ်လို့လည်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဆိုပါတယ်။

အခုလိုအပြုအမူတွေ ဆက်မလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေက ထောင်တာဝန်ခံအရာရှိ၊ ဦးစီးအရာရှိတို့နဲ့ တွေ့ဆုံပြီးညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တဦးစီခွဲထုတ်ကာ ထောင်ပိုင်ရုံးခန်းထဲမှာ ရိုက်နှက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းကျနေတဲ့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို “မကြာခင် မင်းအလှည့်လာမယ်” လို့ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

အခုလို လုပ်ရပ်တွေနဲ့ပက်သက်ပြီး မုံရွာအကျဉ်းထောင်က ထောင်တာဝန်ခံအရာရှိနဲ့ ဦးစီးအရာရှိကို နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေကို ပြန်လည်တောင်းပန်ဖို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြင်းပြင်းထန်ထန်သတိပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article