ရှမ်းမြောက်ပိုင်း၊ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အနီးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ် ခတ်မှုကြောင့် ပိုက်လိုင်းပေါက်ကွဲမည်ကို ပြည်သူများ စိုးရိမ်နေ
■ စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇ ဦးသေ ဆုံးကာ ၃၃ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က တရုတ် ဓာတ်ငွေ့ပိုက်လိုင်း အနီးရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပိုက်လိုင်းပေါက်ကွဲမည်ကို ပြည်သူများ စိုးရိမ်နေ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ နောင်ချိုမြို့နယ်အတွင်း ပြည်သူ ၈ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ် ခြေ ၄၀ ကျော် ပျက်စီးခဲ့ကြောင်း၊ နိုဝင်ဘာ ၉ မှ ဒီဇင်ဘာ ၆ အထိ သီပေါမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် မြေမြှုပ်မှိုင်းတို့ကြောင့် ပြည်သူ ၅ ဦးသေကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၁ မှ ဒီဇင် ဘာ ၁၆ ရက်နေ့အထိ နောင်ချိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် မြေမြှုပ်မှိုင်းတို့ကြောင့် ပြည်သူ ၁၄ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိပြီး အိမ် ခြေ ၁၀၀ ကျော်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လက်ရှိအချိန်တွင်လည်း အကြမ်းဖက်စစ်တပ်သည် သီပေါနှင့် ကျောက်မဲတစ်ဝိုက်သို့ လက်နက်ကြီးများနှင့် အ ကြောင်းမဲ့ ပစ်ခတ်နေကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
“တိုက်ပွဲရှိရှိ မရှိရှိ လောလောဆယ် စကစက သီပေါနဲ့ ကျောက်မဲနားမှာ လက်နက်ကြီးနဲ့ ပတ်ထုနေတယ်” ဟု ရှမ်းလူ့အခွင့် အ ရေးမဏ္ဍိုင်မှ တာဝန်ရှိသူမှ လတ်တလော အခြေအနေကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများသည် ပိုက်လိုင်း၏ တောင်ဘက်ရှိ မြို့နယ်များဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်အတွင်း မန္တလေး-မူဆယ် အဝေးပြေးလမ်းတလျှောက်တွင် ဖြစ်ပွားလျက်ရှိရာ အကြမ်းဖက်စစ်တပ်ဆို ပိုက်လိုင်းအနီး လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများနှင့် အဆင်အခြင်မဲ့ ပစ်ခတ်နေသည့်အတွက် ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပေါ်မည်ကို ဒေသပြည်သူများက စိုးရိမ်ပူပန်နေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်ချိုမြို့အနောက်ဘက် ၆ကီလိုမီတာဝေးကွာသည့် ကျောက်ကြမ်းရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာရေးကျောင်းတစ်ကျောင်းပျက်စီးခဲ့ကာ ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ် ရာရခဲ့ကြောင်း၊ အဆိုပါ ကျောက်ကြမ်းရွာသည် ပိုက်လိုင်းတည်ရှိသည့် နေရာနှင့် မီတာ ၁၀၀ ပင်မဝေးသည့် နေရာတွင် တည်ရှိကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်သည် နောင်ချိုမြို့ အနောက်ဘက် အဝေးပြေးလမ်းရှိ ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြု လုပ်ခဲ့၍ နေအိမ် ၃၀ ကျော်ပျက်စီးပါ ပြည်သူ ၁ဦးသေ၍ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအထဲတွင် ရွှေညောင်ပင်နှင့် အုမ်းမခါးကျေးရွာ ၂ ရွာသည် ပိုက်လိုင်းအနီးတွင် တည်ရှိသည့် ကျေးရွာများဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၆ရက်နေ့တွင် TNLA နှင့် PDF တပ်များသည် ကျောက်မဲမြို့နယ်ကို ဖြတ်သန်းသွားသည့် မန္တလေးမူဆယ် အဝေးပြေး လမ်းရှိ စစ်ကောင်စီ၏ ဂုတ်ထိပ်တံတားအစောင့်တပ်များကို တိုက်ခိုက်ခဲ့ပြီး ရက်အနည်း ငယ်အကြာတွင် ဂုတ်ထိပ်တံတား အရှေ့ဘက် အဝေးပြေးလမ်းမရှိ ကျောက်မဲမြို့နယ်၊ နောင် ပင် ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ ၁ ဦးသေဆုံးပြီး ပိုက်လိုင်းအနီးရှိ ကျေးရွာလေးရွာမှ နေအိမ် ၂၀ကျော် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်သား ၅၀ ခန့်သည် ပိုက်လိုင်း စခန်းသို့ရောက်ရှိလာပြီး ပိုက်လိုင်းစခန်းအတွင်းမှ ပစ္စည်းများနှင့် ပိုက်လိုင်းအနီးရှိ ပန်တိန်ကျေးရွာအတွင်းမှ နေအိမ် ၂၀ခန့်ရှိ ဆန်၊ဆီနှင့်အခြားအိမ်အသုံးအ ဆောင်ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အစီရင်ခံစာတွင် ပါရှိသည်။
နိုဝင်လာကုန်ပိုင်းတွင်မူ သီပေါ်မြို့အတွင်းနှင့်မြို့ ပတ်ပတ် လည်ကို အကြမ်းဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့သည့် အတွက် ပြည်သူ ၁ ဦး သေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၂၇ရက်နေ့တွင်လည်း ကျောက်မဲမြို့ အရှေ့ ဖက် မူဆယ်-မန္တလေးအဝေးပြေးလမ်းမပေါ်ရှိ ပိုက်လိုင်းမြောက်ဘက် မီတာ ၅၀၀ ခန့်သာ ဝေးကွာသည့် ဗူးခါးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်သုံးလုံးပျက်စီးခဲ့ရကြောင်း သိရှိရသည်။
“လူနေရွာတွေ၊ ပိုက်လိုင်းနားက ရွာတွေ ၊ သူတို့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ နေရာတိုင်းကို လက်နက်ကြီးနဲ့ ပစ် ခတ်တယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ထို့ပြင် ဒီဇင်ဘာလအတွင်းတွင်လည်း နမ့်ခမ်းမြို့အတွင်းနှင့် မြို့ ပတ်ပတ်လည်ကို အကြမ်းဖက်စစ်တပ်မှ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂၁ ဦး သေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဟိုနားကျေးရွာသည် ပိုက်လိုင်းနှင့် မီတာ ၄၀ ခန့်သာ ကွာဝေးသည့် ရွာဖြစ်ကြောင်း သိရှိရသည်။
“ရှမ်းမြောက်မှာက တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ကျတော့ ဒီနေအိမ်တွေ လူနေရွာတွေနား ပတ်ဝန်းကျင်ကို အများကြီး ဖြတ်သွားတာ ။ တကယ်လို့ မတော်တဆ ပေါက်ကွဲမှု ကြုံမယ်၊ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ပြည်သူတွေ အများကြီး ထိခိုက်နိုင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူမှ လတ်တလော အခြေအနေကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။