28 C
Yangon

မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ ပလဖ စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လေကြောင်းဖြင့် ပစ်ခတ် တိုက်မှု စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

Must read

မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ ပလဖ စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး လေကြောင်းဖြင့် ပစ်ခတ် တိုက်မှု စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

■ တောင်မတောရွာကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ ပလဖ ပြည်သူ့လုံခြုံရေးအဖွဲ့စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် မုံရွာမြို့နယ် ညောင်ပင်ရွာသစ်အနီးတွင် တည်ရှိသည့် မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ စခန်းကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ပလဖအဖွဲ့ ကင်းစခန်း၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း၊ ပလဖ အဖွဲ့ဝင်များ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သားများ စခန်းမှ ပြန်လည် ဆုတ်ခွာခဲ့ပြီး ပြန်လည်ဆုတ်ခွာစဉ် လေကြောင်းမှ တစ်ဆင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများ အစောပိုင်း ဝင်ရောက်စီးနင်းစဉ်တွင် တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးသည်ဟု သတင်းရရှိထားပြီး အတည်ပြုရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“စစ်ခွေး အင်အား ၅၀ ခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်တာ။ ဝင်ရောက်စီးနင်းတော့ ကိုယ့်ဘက်က ကင်းက ဦးအောင် ကနဦး ဦးစွာပစ်လိုက်တော့ သူတို့ ၂ ကောင်လောက် ကျတယ်လို့ ကင်းကျတဲ့ ရဲဘော်က အတည်ပြုတယ်။ စခန်းက ဝင်ရောက်စီးနင်းခံရတာဖြစ်တဲ့အတွက် အကုန်လုံးဘေးကင်းရာကို ထွက်ပြေးကြရတယ်။ ထွက်ပြေးပြီးတော့ မနက် ၅ ခွဲ ၆ လောက်မှာ စခန်းကို ဒုံးနဲ့ တိုက်ခိုက်တာရယ် ခြေလျင်ပြန်ပြီးတိုက်ခိုက်တာရယ်ကြောင့် သူတို့ အထိနာတာကြောင့် ပြန်ဆုတ်ခွာတယ်။ ပြန်ဆုတ်ခွာတဲ့အချိန်မှာပဲ လေယာဉ်ပစ်ကူက လာပစ်ပေးတာပေါ့။ မနက်ခင်းအစောပိုင်းဝင်စီးနင်းတဲ့အချိန်မှာတော့ ပလဖက ရဲဘော် ၂ ယောက်တော့ ကျဆုံးတယ်လို့ သတင်းရရှိထားတယ်။ သို့ပေမယ့် အတည်တော့ ပြုနိုင်ဖို့ လုပ်ဆောင်နေသေးတယ်”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့် တစ်ချိန်တည်းတွင်ပင် အကြမ်းဖက် စစ်တပ်၏ တောင်မတောရွာမှ စစ်ကြောင်းသည် ညောင်ပင်ရွာသစ်မှ စစ်ကြောင်းသို့ လာရောက် အင်အား ပူးပေါင်းခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိမှန်သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

” ဒီနေ့ပါပဲ။ ပြည်သူ အထိအခိုက်ရှိတာက စခန်းဝင်တိုက်တဲ့ အဲဒီတစ်ချိန်တည်းမှာပဲ နည်းပညာတက္ကသိုလ်ကနေ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း တစ်ကြောင်းက နည်းပညာတက္ကသိုလ်ကနေ တောင်မတော၊ အဲဒီဘက်ကနေ ဒီ ညောင်ပင်ရွာသစ်ဘက်ကို အင်အားလာပေါင်းတာ ။ အဲဒီပေါင်းတဲ့ အင်အားက တောင်မတောဘက်မှာ ရမ်းသမ်းပစ်ခတ်တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ပေါင်မှာ ဒဏ်ရာရထားတယ်။ အဲဒါကို မြို့နယ် ပကဖ အနေနဲ့ သွားပြီးတော့ ကယ်ဆယ်ပြီးတော့ ဆေးကုသမှု ခံယူပေးနေတယ်”ဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ညောင်ပင်ရွာသစ်ကို ဝင်ရောက်နေသည့် စစ်ကြောင်းသည် အရာတော်ဘက်မှ ထွက်လာသည့် စစ်ကြောင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းသို့ မုံရွာနည်းပညာတက္ကသိုလ်ရှိ အကြမ်းဖက်စစ်သားများက ကားတစ်ဆင့် ခြေလျင်တစ်ဆင့်ဖြင့် တောင်မတောရွာမှ ညောင်ပင်ရွာသစ်ကို လာရောက် ပူးပေါင်းခြင်းဖြစ်ကြောင်း၊ ယင်း စစ်​ကြောင်းသည် တောင်မတောရွာ အရောက်တွင် ရမ်းသမ်းပစ်ခတ်၍ ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် တောင်မတောရွာနှင့် ညောင်ပင်ရွာသစ်ရှိ ပြည်သူများမှာ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးကာ ပစ်ခတ်နေမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article