ကွတ်ခိုင်နှင့် နောင်ချိုတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA ၊ MDY PDF ပူး ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာ၊ ပန်ခေါ်ကျေးရွာ၊ ၁၀မိုင်ကုန်းကို လက်နက်ကြီးဖြင့် ၃၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားရာ သံဘိုကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထို့ပြင် ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်မြို့တွင်း၊ တုံဆင်လေးကျေးရွာ၊ အမှတ် ၈ ရပ်ကွက်နှင့် ရဲစခန်း တို့ကို စစ်ကောင်စီတပ်က Y12 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၃ ကြိမ် ဗုံး ၉ လုံးနှင့် ပေါင် ၅၀၀ ဗုံး သီး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။
